မိုင်းသောက်အင်း ရေဘေးသင့်နေအိမ်တွေ ပြန်လည်ထူထောင်ဖို့ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်က သုံးကြိမ်မြောက် နေအိမ်ငါးလုံး ထပ်မံလှူဒါန်း
မဲခေါင်၊ ဒီဇင်ဘာ ၂၇
အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်အင်းက ရေဘေးသင့် နေအိမ်တွေ ပြန်လည်ထူထောင်ဖို့အတွက် ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်က သုံးကြိမ်မြောက် အဖြစ် နေအိမ် ငါးလုံးထပ်မံလှူဒါန်းခဲ့ကြောင်း မိုင်းသောက်အင်းရွာခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ၂၅ ရက်က လှူဒါန်းငွေ ကျပ် သိန်း ၁၀၀ ကို မိုင်းသောက်ကျေးရွာ ဘုရားအနောက်တောင်ကျောင်း ဆရာတော်ရဲ့ ဩဝါဒ ကိုခံယူပြီး မိုင်းသောက်အင်း အိမ်ဆောက်ပြုပြင်ရေး ကော်မတီထံကို အင်းသား စာပေနဲ့ယဉ်ကျေးမှု အသင်းဥက္ကဌ ဆရာကြီး ဦးတက်ထွန်းက တဆင့် တာဝန်ယူ လွှဲအပ်ပေးခဲ့ပါတဘ်။
“ ဆရာကြီးလှူတဲ့ငွေနဲ့ အရင်၁၀ လုံးဆောက်ပြီးပြီ၊ အခု ၅လုံးစာပါ၊ ရေဘေးအတွက်တော့ အခြားနေရာတွေအပါ အိမ်အလုံး၄၀ ရှိပြီ” လို့ ဒေါက်တာသန်းမင်းထွဋ်နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ဒီနေ့ပြောပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ဟာ ပင်းတယနယ်တစ်ခုလုံးရဲ့လူထု အကျိုးကို စိတ်စေတနာအပြည့်အဝနဲ့ ကူညီဖေးမလုပ်ဆောင်ပေးခဲ့လို့ ပင်းတယမီးအိမ်ရှင်ဘွဲ့ကို ပင်းတယတစ်နယ်လုံးက သတ်မှတ်ပေးအပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာပြည်သူတွေလိုအပ်နေတဲ့ ရေရှားဒေသက ရေချိုတွင်းတွေ၊ ဆင်းရဲနွမ်းပါးကာ အသက်အရွယ်ကြီးရင့်သူတွေနေထိုင်ဖို့ အိမ်တွေ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးတွေမှာ ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေရဲ့လှုဒါန်းငွေတွေနဲ့ အကျိုးပြု ကူညီပေးနေတာလို့ သိရပါတယ်။
လက်ရှိ မြန်မာပြည်တစ်ဝှမ်းမှာ ရေချိုတွင်း၂၉၅ ခု၊ ကြယ်ငါးအိမ် အမည်တပ်ထားတဲ့ အိမ်အလုံး ၂၁၁ လုံးအပြင် ရေဘေးပြန် လည်ထူထောင်ရေးအတွက် အိမ်အလုံး ၄၀ ကူညီပေးခဲ့ပြီးပြီလို့ သိရပါတယ်။
မိုင်းသောက်အင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာရေဘေး၊ လေဘေးကြောင့် နေအိမ်ပေါင်း ၂၀ ဝန်းကျင် ပျက်စီးခဲ့ပြီး အင်းလေးဒေသတစ်ခုလုံး အိမ်ခြေ ၄၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
MK-012
#MekongNews









