လူကုန်ကူးခံရသူ ၅၀၀ ကျော် မူဆယ်မြို့တွင်းရှိ ဂိုထောင်တွေထဲမှာ ပိတ်လှောင်ခံထားရ
မဲခေါင်၊ ဒီဇင်ဘာ ၂၅
တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်ရရှိမယ်ဆိုတဲ့ မက်လုံးနဲ့ လူ၅၀၀ ကျော်ကို မူဆယ်မြို့တွင်း ဂိုထောင်တွေထဲမှာ ပိတ်လှောင်ခံထားရတယ်လို့ PSlF/TNLA က ဒီနေ့( ဒီဇင်ဘာ၂၅)ထုတ်ပြန်ပါတယ်။
လူ ၅၀၀ ကျော်ကို မူဆယ်မြို့တွင်းက သိန်းသန်းချီ ကားကြီးဝန်းက ဂိုထောင်တွေနဲ့ ရပ်ကွက်အချို့မှာရှိတဲ့ ဂိုထောင်တွေမှာလည်း အများအပြားပိတ်လှောင်ထားတာဖြစ်ပြီး အဲ့ဒီအထဲမှာ အသက် ၂၀ ကျော်အရွယ်အမျိုးသမီးအများဆုံး ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းက ပြည်သူတွေကို ပွဲစားကတစ်ဆင့် တရုတ်နိုင်ငံမှာ အလုပ်ကောင်း လစာကောင်းရရှိမယ်လို့ အယုံသွင်းမက်လုံးပေးကာ အလုပ်သမား ၅၀၀ ကျော်ခေါ်ယူထားခဲ့တာလို့ ဆိုပါတယ်။
ပိတ်လှောင်ခံထားရသူတွေထဲမှာ သုံးလကျော်တဲ့ ဒီနေ့(ဒီဇင်ဘာ၂၅)ထိ အလုပ်မရရှိသေးသူတွေရှိနေပြီး အစားလည်းပုံမှန်မကျွေးသလို နေရပ်ပြန်ချင်ရင် တစ်ဦးကိုလျော်ကြေး ကျပ်သိန်း၆၀ တောင်းနေတယ်လို့ ပြောပါတယ်။
လူငယ်လူလတ်တွေ အနေနဲ့တရုတ်နိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်လိုပါက ယုံကြည်စိတ်ချရတဲ့ ဆွေမျိုး ၊ မိတ်ဆွေတွေရှိမှသာ သွားသင့်တယ်လို့ TNLA က အကြံပြုထားပါတယ်။
မူဆယ်မြို့ခံတစ်ဦးက “ ပြည်မတင်မကပါဘူး၊ အစုံပါပဲ ရောက်လာကြတာ၊ အားလုံး ဒုက္ခရောက်နေကြရတာ၊ အထူးသဖြင့် မွတ်စလင်ဆို ရိုးရိုးလည်းသွားလို့မရဘူး၊ လုံးဝပေးမဝင်ဘူး၊ အဲတာကို ပွဲစားတွေက ငွေရပြီးရော ခေါ်နေကြတာ၊ တချို့လဲ တရုတ်မယားအနေနဲ့ ကို သဘောတူ လိုက်သွားတာရှိကြတယ်ဗျာ” လို့ မဲခေါင်ကို ပြောပါတယ်။
ရွှေလီမြို့ထဲကို တရားမဝင် ခိုးပေါက်ကဝင်လို့ ဖမ်းခံရသူများစွာရှိနေပြီး ဖမ်းမိသူတွေကို တရုတ်ပြည်ဥပဒေအတိုင်း စီကိုင်ထောင်မှာ ထောင်၆လ ကျခံရပြီး မြန်မာပြည်ပြန်ပို့ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ရွှေလီဘက်မှာ (၇)ရက်ကတ်ပြားနဲ့ တရုတ်နယ်စပ်အတွင်းဝင်လာပြီး ပြန်မထွက်သူ မြန်မာနိုင်ငံသားအရေအတွက်မှာ သုံးသောင်းကျော် အနည်းဆုံးရှိနေကြောင်းလည်း သိရပါတယ်။
MK-012
#MekongNews








