မိုင်းဆွဲတိုက်ခိုက်ခံရလို့ သုံးဦးသေ၊ ငါးဦးဒဏ်ရာရတဲ့ စစ်ကောင်စီက ရွာကိုမီးရှို့
မဲခေါင်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသဖြစ်တဲ့ ရွာငံမြို့နယ်၊ မင်းပလောင်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သုံးဦးသေဆုံးပြီး ငါးဦးခန့်ဒဏ်ရာရတဲ့ စစ်ကောင်စီဟာ ရွာကိုမီးရှို့တယ်လို့ DSNDA က မနေ့( ဒီဇင်ဘာ ၂၂)က ည၇ နာရီမှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၁ရက် ညနေပိုင်းက အင်အား ၁၁၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မင်းပလောင်ကျေးရွာကို မဝင်ရောက်မီ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ဖျက်အားပြင်း ပဒေသာမိုင်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အလောင်းနဲ့ ဒဏ်ရာသူတွေကို သယ်ပြီး ပြန်ဆုတ်သွားတယ်လို့ DSNDA သတင်းနဲ့ပြန်ကြားရေးက ပြောပါတယ်။
“ မိုင်းခွဲတာနဲ့ သေတာ မြင်နေရတယ်၊ သူတို့က တန်ပြန်ပစ်ပြီး အလောင်းတွေ ကောက်ဆုတ်သွားတယ်” လို့DSNDA ရဲ့ ပြောခွင့်ရ ကျားပျံက မဲခေါင်ကို ပြောပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့က မနက် ၁၀ နာရီခန့်မှာ လက်နက်ကြီးတွေပစ်ပြီး ပြန်လည်ရောက်ရှိလာကာ ရွာကိုမီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၇၀ခန့် မီးလောင်ခဲ့ပါတယ်။ နေအိမ်မီးလောင်ဆုံးရှုံးသူတွေအပါအဝင် ဒေသခံ ၅၀၀ ခန့် စစ်ရှောင်နေရပါတယ်။
“ ရွာသားတွေလည်း တိုက်ပွဲနဲ့ဝေးတဲ့ တောတောင်တွေထဲ ရှောင်နေကြရတယ်၊ လေယာဉ်က နေ့လယ် ၁ နာရီလောက်ကဝဲတာ၊ တိုက်တာတော့မရှိဘူး၊ ကျွန်တော်တို့လည်း နေရာယူထားတယ်” လို့ ကျားပျံက မဲခေါင်ကိုပြောပါတယ်။
ဖြစ်စဉ်မှာ DSNDA ဘက်က ထိခိုက်ကျဆုံးမှုမရှိပဲ ဆက်လက်နေရာယူထားဆဲဖြစ်ကာ စစ်ကောင်စီက ဆုတ်ခွာတာမရှိသေးတဲ့အတွက် တိုက်ပွဲတွေထပ်မံဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။
DSNDA ဟာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲက ရေလှကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ဌေးလွင်အိမ်ကို ဒီဇင်ဘာ ၁၈ ရက်က ဝင်ရောက်စီးနင်းခဲ့ပါသေးပါတယ်။ စီးနင်းချိန်မှာ ဌေးလွင်မရှိတာကြောင့် သေနတ်တစ်လက်နဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့ပါတယ်။
“သူက ပျူအကြီးဆုံး ဝင်းမြင့် လက်အောက်ကဗျ၊ စစ်တပ်က တောနင်းရင် သူကလမ်းပြတာ၊ ပြည်သူတွေဆီက အနိုင်ကျင့်လုယက်ရလာတာတွေကို ခွဲတမ်းနဲ့လုပ်စားနေတဲ့ကောင်ဗျ၊ အိမ်တွေ မီးရှို့တာ သူ့ကြောင့် ဖမ်းဆီးခံသူတွေအများကြီး” လို့ကျားပျံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်ဦး DSNDF/ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDAဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က တစ်နှစ်သက်တမ်းပြည့်ခဲ့တဲ့ ဓနုတော်လှန်ရေးတပ်ဖွဲ့ဖြစ်ကာလက်ရှိမှာ ရွာငံ၊ ပင်းတယဘက်မှာ စစ်အာဏာရှင်လက်အောက်က ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတပ်ဖွဲ့ဖြစ်ပါတယ်။
Mk-012
#MekongNews








