လားရှိုးမှာ အခွန်ကောက်ခံတာ မရှိသေး
မဲခေါင်၊ ဒီဇင်ဘာ ၁၇
ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ (၁) ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လောလောဆယ် အခွန်အခငွေကြေးကောက်ခံတာမျိုး မရှိသေးပဲ တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
မကြာသေးခင်ရက်ပိုင်းက MNDAA အနေနဲ့ လားရှိုးမြို့မှာ ကားအမျိုးအစားပေါ်မူတည်ကာ ဘီးလိမ့်ခွန်တွေ စတင်ကောက်ခံမယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာမှာ သဘောမတူ အမြင်မကြည်တဲ့ ပြောဆိုရေးသားတာတွေကြောင့် ဘီးလိမ့်အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာ၀န်ရှိသူတွေ ပြန်လည်ဆွေးနွေးတာတွေလုပ်ဆောင်နေတယ်လို့ လာရှိုး မြို့ပြန်လည်ထူထောင်ရေး တာ၀န်ရှိသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အထူးဒေသ(၁)လမ်းတံတားကြေးဆိုတဲ့ မြန်မာစာသား တစ်ကြောင်းသာပါတဲ့ ပြေစာဖြတ်ပိုင်းတစ်ခုမှာ အဂ်လိပ်လို 50000Ks စာသားပါဝင်တာကလွဲရင် ကျန်တာ တရုတ်စာတွေချည်းဖြစ်ပါတယ်။ ဖြတ်ပိုင်းပါစာသားတွေအရ လမ်းတံတားကြေး ကျပ်ငါးသောင်းဆိုတာ များပြားလွန်းတဲ့ ပမာဏဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
ကုန်ဈေးနှုန်းကြီးမားတာကြောင့် အခြေခံပြည်သူတွေရဲ့ စား၀တ်နေရေးအခက်အခဲ၊ ဒေသခံပြည်သူတွေ လုံခြုံမှုရှိရှိ နေထိုင်နိုင်ဖို့နဲ့ ဒေသခံစစ်ရှောင်အများစု မြို့တွင်းပြန်လည်၀င်ရောက်နိုင်ရေး အစရှိတဲ့ပြဿနာတွေကို တည်ငြိမ်အောင်ဖြေရှင်းပြီးမှသာ သင့်လျှော်တဲ့အခွန်အခမျိုး ကောက်ခံသင့်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
MNDAA တာ၀န်ရှိသူတွေနဲ့ နယ်မြေမှူးတွေဟာ ဒေသခံအိမ်တွေမှာ မော်တော်ကား၊ ဆိုင်ကယ် စသဖြင့် ပိုင်ဆိုင်မှုတွေကို စာရင်းကောက်တာတွေပြုလုပ်နေတာမျိုးရှိပေမယ့် အခွန်ကောက်ဖို့မဟုတ်ပဲ နံပတ်ပြားထုတ်ပေးဖို့သာဖြစ်တယ်လို့ပြောကြောင်း ဒေသခံက ပြောပါတယ်။
“နံပါတ်ပြားထုတ်ပေးပြီးသွားရင်တော့ ဆိုင်ကယ်ပျောက်တာဖြစ်ဖြစ် ကားပျောက်တာဖြစ်ဖြစ် ရှာရလွယ်အောင်လို့တဲ့၊ လောလောဆယ်တော့ အခွန်ကောက်ဖို့မဟုတ်ဘူးတဲ့၊ အဲလိုတော့ပြောတာပဲ ”လို့လားရှိုး မြို့ဒေသခံ အမျိုးသမီးတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
လားရှိုးမြို့ ခံယာဉ်မောင်းအမျိုးသားတစ်ဦးက “အခုချိန်ထိတော့ ဘာအခွန်အခမှမကောက်သေးပါဘူး၊ အဲကိစ္စ အွန်းလိုင်းပေါ် ပျံ့နေတာတော့တွေ့တယ်၊ ဖွနေကြတာပါ၊ အရင်ကတည်းက မြို့အ၀င်မှာကားတွေကို ဘီခွန်သဘောမျိုး တစ်ထောင်ကျပ် ကောက်တာတော့ရှိပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှုအောက်က လားရှိုးမြို့ကို MNDAA က အခုနှစ်၊ ဩဂုတ်လ ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့က လေယာဉ်နဲ့ဗုံးကြဲတာ၊ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေတာ နှစ်လနီးပါးကြားမှာ MNDAA ဟာဒေသတွင်း တည်ငြိမ်မှုနဲ့ အုပ်ချုပ်ရေးခိုင်မာအောင် အလေးထားလုပ်ဆောင်လာပါတယ်။
CJ-017
#MekongNews








