တာချီလိတ် ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့ ပါဝင်နေ
မဲခေါင် ၊ ဒီဇင်ဘာ ၁၃
တာချီလိတ်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ ပြန်ပေးဆွဲတာနဲ့ ဓါးပြတိုက်မှုတွေမှာ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်နေတာကြောင့် တစ်ချို့ကို စစ်ဗျူဟာမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
အချို့သော ပြန်ပေးဆွဲ၊ ဓါးပြတိုက်တာကို ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီက မွေးမြူထားတဲ့ လူမိုက်တွေကို လက်ထောက်ချပြီး ခိုင်းစေတာဖြစ်တဲ့အပြင် သူတို့ကိုယ်တိုင် ပြန်ပေးငွေတောင်းပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ နောက်ဆုံးပါတ်က ပါဆတ်ရပ်ကွက်အတွင်းက အွန်လိုင်းဂိမ်းလုပ်ကိုင်နေတဲ့ နေအိမ်တစ်အိမ်က ဖုန်းနဲ့ လူငယ်တွေရဲ့ မှတ်ပုံတင်တွေ သိမ်းဆည်းသွားပြီး ကားပါယူဆောင်သွားကာ ဘတ်ငွေဆယ်သိန်းနဲ့ လာရွေးဖို့ ဝင်ရောက်ဓါးပြတိုက်သူဟာ တာချီလိတ်အခြေစိုက် ခမရ( ၃၃၁) က အရာခံဗိုလ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ခမရ( ၃၃၁) က အရာခံဗိုလ်နဲ့ ဓါးပြတိုက်ရာမှာပါဝင်တဲ့ ပြည်သူ့စစ်တစ်ဦးနဲ့ အရပ်သားလူမိုက် ရှစ်ဦးကို စစ်ဗျူဟာမှာ ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
“အခုက ရဲမှာဆိုလဲ အရင် နယ်ထိန်းတို့ ဒ/နတို့က လူဟောင်းတွေ ပြန်ရောက်လာကြတာ၊ သူတို့ပြန်ရောက်လာမှ ဓါးပြတိုက်တာ၊ ပြန်ပေးဆွဲတာ ပိုဖြစ်လာတာ ဒ/နကဆိုရင် အင်ချပ်က ရဲအုပ်ကိုကိုဦးဆိုတဲ့လူ ပြန်ရောက်လာတာ သူက လောင်းကစားဝိုင်းနဲ့ အွန်လိုင်းတွေ တရုတ်တွေဆီက လိုင်းကြေးယူပြီး အကာအကွယ်ပေးထားတာ”လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက မဲခေါင် သတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ပထမပါတ်အတွင်းမှာလဲ ပုံလို့လမ်း အင်တာနယ်ရှင်နယ်ကျောင်းအနီး လူတစ်စုက ကားပေါ်ဆွဲတင်ပြီး ပြန်ပေးဆွဲသွားတဲ့အပြင် ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ဗိုလ်ချုပ်လမ်းမပေါ် ခရိုင်ရဲတပ်ဖွဲ့ရုံးအနီး ငွေလွဲဆိုင်က အမျိုးသားတစ်ဦးကို လက်နက်ကိုင်ဆောင်ပြီး ကားပေါ်ဆွဲတင် ပြေးပေးဆွဲသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ဦးဆောင်ပြီး အရပ်သားလူငယ်တွေပါဝင်တဲ့အဖွဲ့က ပြန်ပေးဆွဲ၊ ဓါးပြမှုတွေ ဆက်တိုက်ကျူးလွန်နေတာကို ဖမ်းဆီးခဲ့ပြီး လအတန်ကြာ ပြန်ပေးဆွဲမှုတွေရပ်တန့်သွားပေမယ့် အခုနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်လက်ထောက်ချမှုနဲ့ ရာဇဝတ်မှုတွေ ဆက်တိုက်ပြန် ဖြစ်ပွားနေတာပါ။
ဒီမနက် ခရိုင်ရဲတပ်ဖွဲ့ရုံး အနီး ငွေလဲဆိုင်က ပြန်ပေးဆွဲခံရတဲ့ အမျိုးသားဟာ မိုင်းဟဲကျေးရွာက ပြည်သူ့စစ်တစ်ဦးရဲ့ ယောက်ခမဖြစ်ပြီး Mark 2 အိမ်စီးကားပေါ်စွဲတင်ကာ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
MK-002
#MeKongNews








