ကလောမှာ အိမ် ၂၀၀ ကျော် စစ်ကောင်စီဖျက်ဆီး
မဲခေါင်၊ ဒီဇင်ဘာ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့ မီးရထားသံလမ်း ဝဲယာ ၇၅ပေအကွာမှာရှိတဲ့ အိမ်ခြေ ၂၀၀ ကျော်ကို ဘက်ဟိုးသုံးကာ လူအင်အားအများအပြားနဲ့ ဒီနေ့ မနက်ပိုင်းက ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နှစ်ပေါင်း ၃၀ နီးပါးအခြေချနေထိုင်လာတဲ့ အိမ်နဲ့ အုတ်တံတိုင်းတွေ ဖျက်ဆီးရာမှာ မီးရထားဝန်ထမ်း ၄၀ ကျော်၊ စစ်တပ်၊ ရဲ၊ ထွေအုပ်၊ မီးသတ်၊ ဆည်မြောင်း၊ စည်ပင်၊ ကျန်းမာရေး ဌာနစုံ ပါဝင်တယ်လို့ သိရပါတယ်။
“ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ဖယ်ဖို့ပြောပေမယ့် ဒီလိုလုပ်မယ်မထင်ခဲ့ဘူး၊ ဒီမနက် စက်နဲ့လာထိုးမှ ရသမျှယူ ရွှေ့ရတာ၊ လူတိုင်း မျက်ရည်နဲ့မျက်ခွက်ပေါ့၊ ခုဘယ်နားနေကြရမယ် မသိသေးဘူး” လို့ ဖျက်ဆီးခံရတဲ့ရပ်ကွက်နေသူ တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ကလောရပ်ကွက် ၃ က စတင်ဖျက်ဆီးတာဖြစ်ပြီး ရပ်ကွက် ၄ ၊ ရပ်ကွက်၂ ကို ဆက်တိုက်ဖျက်ဆီးတာ ဖြစ်ပါတယ်။
“ကိုယ့်အိမ်လေး အမှတ်တရ ဓာတ်ပုံရိုက်တာတောင် ဖျက်နေပုံတွေ မရိုက်ရဘူးတဲ့၊ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မြေကို လွတ်မလွတ် အရှုတ်အရှင်းရှိ မရှိ သေချာမေးဝယ်ပြီးမှ နှစ်ထပ်လေးဆောက်တာ၊ ဘာကြာသေးလို့တုန်း ခုတော့ သိန်း၂၀၀ ကျော် ပလုံပဲ” လို့ ရပ်ကွက် ၄ ကအိမ်ဖျက်ခံရသူတစ်ဦးက ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၂၀၀ခန့်အနက် တိုက်အိမ် ၁၀၀ ခန့် ပါဝင်သလိုမဖျက်ခင် အိမ်ခြံမြေပေါက်စျေးမှာကျပ်သိန်း၅၀၀ မှ ၁၀၀၀အထိ စျေးရှိတယ်လို့ပြောကြပါတယ်။
ဖျက်ဆီးခံရတဲ့ ရပ်ကွက်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာရေဘေးတုန်းက ရေနဲ့ ရွှံနွံ နစ်မြုပ်ခံခဲ့ရပါသေးတယ်။
MK-012
#MeKongNews








