မိုင်းဆတ်ရှိ စစ်ကောင်စီ ထောက်ပို့တပ်မှူးနဲ့ ရုံးအုပ် နိုင်ငံတော်ပိုင်ပစ္စည်း အလွဲသုံးစားပြုလုပ်နေ
တပ်မှူးနဲ့ သူ့ဇနီးကလည်း အောက်ခြေကို လွန်စွာဖိနှိပ်
မဲခေါင်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အခြေစိုက် ထပရ(၈၂၃) တပ်မှူးနဲ့ ရုံးအုပ်တို့က နိုင်ငံတော်ပိုင်ထောက်ပို့ပစ္စည်းတွေ အလွဲသုံးစားလုပ်နေပြီး တပ်မှူးဇနီးကလည်း တပ်မိသားစုတွေအပေါ် မတရားသဖြင့် ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ ထောက်ပို့တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အမှတ်(၈၂၃) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ခွဲက တပ်မှူး ဗိုလ်မှုးကျော်သူထွန်းနဲ့ ဒုအရာခံဗိုလ်စာရေးရုံးအုပ် မျိုးဇော်ဆတ်တို့ဟာ စက်သုံးဆီဝယ်ယူရေးအတွက် သုံးလတစ်ကြိမ် သိန်းပေါင်းတစ်သောင်းကျော်ချပေးပေမယ့် စက်သုံးဆီမဝယ်ပဲ သူတို့မိသားစုကိုယ်ကျိုးအတွက်သာ အသုံးချနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နိုင်ငံတော်က စက်သုံးဆီတစ်ဂါလန်ကို ကျပ် ၁၁၀၀၀ နှုန်းနဲ့ ချပေးပေမယ့် ဂိုထောင်တာဝန်ခံတွေကိုတစ်ဂါလံကျပ် ၁၇၅၀၀ နှုန်းချေခိုင်းတာတွေရှိသလို မော်တော်ယာဉ်တပ်စုအတွက် တစ်လကိုစက်သုံးဆီဂါလံ ၃၀၀၀ သာကုန်ကျပေမယ့် အထက်ကိုဂါလံ ၇၀၀၀ တင်တောင်းကာ အဲ့ဒီကရတဲ့ငွေကို တပ်မှုးနဲ့ ရုံးအုပ်ကKTVမှာသုံးဖြုန်းတယ်လို့ ဆိုပါတယ်။
တပ်မှုးက တပ်ကိုရောက်ပီးမကြာသေးခင်မှာ ကားသုံးစီးဝယ်စီးပြီး တပ်မှုးနဲ့ ရုံးအုပ်တို့စီးတဲ့ကားတွေက လိုင်စင်မဲ့ဖြစ်ပေမယ့် အတုတွေလုပ်ပြီး စီးကြတယ်လို့ ဆိုပါတယ်။
“ ဟိုတခါ တိုင်တာ စစ်တပ်ထုံးစံအတိုင်း ညီလေး အကိုကြီးနဲ့ ညှိစားသွားတာ၊ စစ်တပ်မှာအရာရှိဆိုးပဲရှိတယ်၊ ငယ်သားဆိုးမရှိဘူးလို့ ဆိုရိုးရှိတယ်၊ ဒီတပ်က မိုင်းဆတ်၊ မိုင်းတုံက တပ်တွေအကုန်လုံးကို ထောက်ပံ့နေရတော့ ခိုးလို့ သိပ်ကောင်းနေတာပေါ့၊ ဒီတစ်ခါလဲ ထုံးစံအတိုင်း အရင်လိုပဲညှိပြီး ပြီးသွားမှာပဲလေ၊ တပ်မိသားစုတွေက ကျွန်ဝယ်ရာ အဆစ်ပါငုံ့ခံနေကြရတာပဲ၊ တစ်ခုတော့ရှိတယ် ဒီတပ်ချုပ်လက်ထက်ပဲ၊ စကခမှူးကို အောက်ကတိုင်တာပြုတ်သွားတာရှိတော့ တိုင်တာထိရောက်ဖို့တော့လိုမယ်” လို့မိုင်းဆတ်မှာ နေထိုင်တဲ့တပ်ထွက်တစ်ဦးက ပြောပါတယ်။
ခုထောက်ပို့တပ်မှူးနဲ့ ရုံးအုပ်ကတော့ဂိုထောင်တာဝန်ခံတွေကိုလည်း သူတို့အသုံးချလို့ရမဲ့သူတွေကိုပဲ နေရာပေးထားပြီး ရုံးအုပ်နဲ့တပ်မှုးကပဲ ဆန်တွေကိုရောင်းစားနေတယ်လို့ ပြောပါတယ်။
စက်တင်ဘာ ရေဘေးတုန်းကလည်း မိုင်းဆတ်မြို့မှာ လမ်းတွေပျက်စီးနေတဲ့အချိန် ရုံးအုပ်က တပ်ရိက္ခာဆန်ကို တစ်အိတ် ကျပ် ၁၄၀၀၀၀ နဲ့အပြင်ကိုရောင်းစားတယ်လို့ ဆိုပါတယ်။
“ ဟုတ်တယ် ကျမအဲဆရာကြီးဆီ ဝယ်ရတာ၊ ဒေသဆန်ထက် စျေးသက်သာလို့လေ၊ ပဲဘူး၊ အမဲဘူးကအစ ရှေ့တန်းရိက္ခာထုပ်အထိ လိုချင်ရင်သူဆီဝယ်ကြတာပါပဲ” လို့ မယ်ဆွမ် မြောက်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
တပ်မှူးရဲ့ဇနီးဖြစ်သူကလည်း ရဲမေတွေအပေါ်မောက်မာရိုင်းစိုင်းစွာ ဆက်ဆံပြီး ရဲဘော်တွေကို ထမီတွေ၊ ဘော်လီတွေလျှော်ခိုင်းတာမျိုးရှိသလိုသက်ကြီးရဲမေတွေကို ထောင်သားတွေလိုအလုပ်ကြမ်းလုပ်ခိုင်းတာတွေလည်း ရှိနေပါတယ်။ သက်ကြီးရဲမေတစ်ဦးရဲ့သားဖြစ်သူက မိခင်ပင်ပန်းတာ မကြည့်ရက်လို့အစားထိုးဝင်လုပ်ပေမယ့် လက်မခံပဲသက်ကြီးရဲမေကိုသာ အဓမ္မခိုင်းစေတာမျိုးလည်းပြုလုပ်နေတယ်လို့ပြောပါတယ်။
“ ဗိုလ်ကတော်အချင်းချင်းတောင် အနိုင်ကျင့်ကြတာ၊ အထက်ဖား အောက်ဖိတွေ၊ အနိုင်ကျင့်ခံရတဲ့တစ်ချို့ အရာရှိငယ်တွေရဲ့ ချမ်းသာတဲ့မိန်းမတွေဆို တပ်ထဲကိုလိုက်မနေကြတော့ဘူး၊ အနိုင်ကျင့်မခံနိုင်ကြတော့လို့လေ၊ ကျမကတော့ တပ်ထဲလိုက်မနေနိုင်ဘူးဆိုပြီး ယောကျ်ားကို တပ်က ထွက်ခိုင်းလိုက်တယ်” လို့ စစ်ဗိုလ်ထွက်တစ်ဦးရဲ့ မိန်းမက ပြောပါတယ်။
အဲ့သလိုဖိနှိပ်နေတာတွေကို ပထမတကြိမ်တိုင်ကြားတုန်းက အရေးယူတာမျိုး မရှိလို့ အခုထပ်မံတိုင်ကြားတာကို သေချာလာရောက်စစ်ဆေးပြီး ထိထိရောက်ရောက်အရေးယူစေချင်ကြောင်းနဲ့ ဖိနှိပ်တာကို မခံနိုင်လွန်းလို့ ပါလို့ တိုင်စာမှာပါရှိပါတယ်။
MK – 012
#MekongNews
#မိုင်းဆတ်
#ထပရ(၈၃၂)
#တပ်မှူး
#နိုင်ငံတော်ပိုင်
#အလွဲသုံးစား







