တောင်ကြီးမှာ ပေါ်တာဆွဲခံရသူတွေထဲက တချို့ကို သိန်း၂၀နဲ့ ပြန်ရွေးဖို့ စစ်ကောင်စီ ကမ်းလှမ်း
မဲခေါင်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီ ပေါ်တာဆွဲခံရသူတွေထဲက ငွေကြေးအဆင်ပြေသူတွေနဲ့ အိမ်ထောင်သည်အမျိုးသားတွေကို ကျပ်သိန်း၂၀နဲ့ ပြန်ရွေးဖို့ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားတာတွေ ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးမြို့နယ်အတွင်းရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်စတဲ့ မြို့တွေမှာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ PNOတွေက ညဖက်အချိန်တွေမှာ လှည့်ကင်းတွေနဲ့ မြို့အနှံ့လှည့်ပတ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသားတွေကို ဖမ်းဆီးတာ ဖြစ်ပါတယ်။
အဲဒီလိုဖမ်းဆီးခံရသူတွေအနက် အိမ်ထောင်မရှိသူတွေနဲ့ ငွေကြေးမပြည့်စုံသူတွေကို စစ်သင်တန်းပို့ဆောင်နေပြီး ငွေကြေးတတ်နိုင်သူအချို့နဲ့ အိမ်ထောင်ရှိသူတွေကိုတော့ စစ်ကောင်စီက သူတို့ရဲ့သတင်းပေးတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထံကနေ ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ဆိုပါတယ်။
“အသိညီမလေးရဲ့ ယောင်္ကျားက ည၈နာရီလောက်မှ အလုပ်ကပြန်လာတာ၊ အဲဒါကိုလှည့်ကင်းနဲ့တွေ့တော့ ဖမ်းသွားတယ်၊ အခု သိန်း ၂၀နဲ့ ပြန်ရွေးခိုင်းနေတာ၊ မပေးနိုင်ရင် စစ်ကြောရေးပို့မယ်၊ စစ်သင်တန်းပို့မယ်ဆိုပြီး ခြိမ်းခြောက်နေတာ၊ တခြားရပ်ကွက်တွေမှာလည်း အိမ်ထောင်သည်တွေကို အဲဒီလိုပြန်ရွေးခိုင်းနေတယ်လို့ ပြောလာတာ ၄၊ ၅ယောက်ရှိပြီ ”လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တောင်ကြီးမြို့နယ်အတွင်းမှာ အခုဒီဇင်ဘာလအတွင်း ညပိုင်းအချိန်တွေမှာ ဖမ်းဆီးခံရသူ ၈၀ ထက်မနည်း ရှိနေပြီး ဖမ်းဆီးခံရသူတွေကို အောင်သပြေတိုးဂိတ်အနီးရှိ ဆသရ(၂၂၂၂)နဲ့ ထောက်ပို့တပ်တွေမှာ ချုပ်နှောင်ထားကာ စစ်သင်တန်းပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း တောင်ကြီးမြို့ပေါ်က လူငယ် ရှစ်ဦးခန့်ကို ဖမ်းဆီးကာ အခြေခံ စစ်သင်တန်းပို့ဆောင်ခဲ့ရာ နှစ်ဦးက သင်တန်းကနေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။
CJ_003








