စစ်ကောင်စီနဲ့ PNO ဖမ်းဆီးသွားတဲ့ တွေပူး ကျေးရွာအုပ်ချုပ်ရေးမှူး အသက်အန္တရာယ် စိုးရိမ်ရ
မဲခေါင်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာရှိတဲ့ တွေပူးကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီနဲ့ PNO က ဒီဇင်ဘာလ ၇ ရက်ညက ဖမ်းဆီးခေါ်ဆောင်သွားတာ ဒီနေ့အထိသတင်းအစအနမရသေးပဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ပြောပါတယ်။
“ရွာသူကြီးရဲ့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်၊ ရွာသူကြီးဆိုတာက ရွာသူရွာသားတွေ မဲပေးရွေးချယ်ထားတာဖြစ်ပါတယ်၊ ပအိုဝ်း ဒေသမှာ ဒီမိုကရေစီနည်းကျကျရွေးချယ်ထားတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်၊ ဒါမျိုးလုပ်တာက ဒီမိုကရေစီကို သတ်ဖြတ်နေတာနဲ့အတူတူပဲ”လို့ PNLA ရဲ့ ပြန်ကြားရေး တာဝန်ခံကိုခွန်းရိန်းယံက ပြောပါတယ်။
ရွာသူကြီးကို ဖမ်းဆီးပြီး ဘယ်နေရာကိုခေါ်ဆောင်သွားသလဲ မသိရသေးတဲ့အပြင် ရွာသူကြီးရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ PNLA တို့ကြား နိုဝင်ဘာလ ၂၀ ရက်ကစတင်ကာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် ကျေးရွာဒေသခံအချို့ သေဆုံးတာတွေလည်း ရှိနေပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်ကလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က တွေပူးကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ရပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ရပါသေးတယ်။
CJ-004
#MekongNews








