တာချီလိတ်မြို့ ကျားဖြန့်တရုတ်တွေနဲ့ ပြန်စည်ကားလာ
မဲခေါင်၊ ဒီဇင်ဘာ ၅
ကျားဖြန့် တရုတ်ငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေထဲ သက်ဆိုင်ရာ အာဏာပိုင်ကို ငွေပေးပြီး ပြန်လည် ပြုလုပ်နေတာတွေ ရှိတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
ငွေလိမ်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေဟာ တာချီလိတ်မြို့ကို အများအပြား ပြန်လည်ရောက်ရှိလာပြီး အွန်လိုင်းဂိမ်းလုပ်ငန်းကို အယောင်ပြပြီး ဒေသခံလူငယ်တွေကိုအလုပ်လုပ်ဖို့ နိုဝင်ဘာလအတွင်း အများအပြားခေါ်ယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ငွေလိမ်ဂိုဏ်းလုပ်ကိုင်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှစပြီး စစ်ဗျူဟာနဲ့ ရဲတပ်ဖွဲ့တွေကို တစ်ဖွဲ့လျှင် လစဉ်ကြေး ထိုင်းဘတ် နှစ်သိန်းကစပြီး လိုင်းကြေးပေး လုပ်ဆောင်နေကြတာလို့ သိရပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ အွန်လိုင်းဂိမ်း အလုပ်ခေါ်တယ်ဆိုလို့ အလုပ်သွားလျှောက်တာ အဲ့ဒီရောက်တော့ အင်တာဗျူးကို Customer Service အတွက်လူခေါ်တာဆိုပြီး သရုပ်ဆောင်ခိုင်းတယ်၊ နောက်ပြီး အလုပ်ဝင်ရင် ဘတ် ၅၀၀ ပေးရမယ်ပြောတယ်၊ လစာကြတော့ ကျပ်လေးသိန်းရမယ်တဲ့” အလုပ်သွားလျောက်သူ လူငယ်တစ်ဦးက ပြောပါတယ်။
အလုပ်သွားလျောက်တဲ့လူငယ်ဟာ တာချီတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းက ဂေါ်ကွင်းအနီး Royal Hotel အနီးနားက ခြံဝင်းအကျယ်ကြီးအတွင်း သွားရောက်အလုပ်လျောက်ခဲ့ရတာလို့ သိရပါတယ်။
မြို့ထဲကအနှိပ်ခန်းနဲ့ ငါးပစ်ခုံတွေမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုးတွေ အများအပြား ပြန်လည်တွေ့လာရပြီး စည်စည်ကားကားဖြစ်လာပြီလို့ တာချီလိတ််မြို့ခံတစ်ဦးက ပြောပါတယ်။
“ပုံလို့လမ်းကနေ ကွေ့ဝင်သွားရင်ရောက်တဲ့ ရှန်းလိုက်အပန်းဖြေအခန်းမှာ ငါးဂိမ်းဆော့တဲ့သူတွေ၊ ဖဲဆော့တဲ့လူတွေ အနှိပ်ခံနေတဲ့လူတွေ အကုန်နီးပါး ကျားဖြန့်တွေပါ၊ အဲ့ဒီ လမ်းထိပ်လမ်းမမှာ တာချီလိတ်ရဲတပ်ဖွဲ့ မကြာမကြာ လမ်းမှာလာတဲ့ ကား၊ ဆိုင်ကယ်တွေ တားဆီးစစ်ဆေးတဲ့ နေရာဆိုပေမယ့် ကျားဖြန့်တရုတ်တွေတော့ လိုင်းကြေး၊ လမ်းကြေးရှင်းထားလို့ ကျားဖြန့်ကားမြင်တာနဲ့ အတားအဆီးကို မရှိပါဘူး” လို့သူက ပြောပါတယ်။
တာချီလိတ်မြို့ထဲကို တရားမဝင်တရုတ်တွေကို မြို့မိမြို့ဖ နာမည်ခံထားတဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်ခေါ်သွင်းနေတာဖြစ်ပြီး အဲဒီထဲမှာ 1G1 သူဌေးလို့ နာမည်ကြီးတဲ့ ဦးအောင်နိုင်၊ ရှမ်းအရှေ့ရေပေးဝေရေးလုပ်ငန်းပိုင်ရှင် ဦးလောတာနဲ့ စံပါရမီသတ္တုတူးဖော်ရေးက ဦးကျော်လင်းတို့ ထိပ်ဆုံးက ဖြစ်တယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။
အခုနောက်ပိုင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာ ဟိုတယ်တွေနဲ့ ခြံဝန်းအကျယ်အကြီးအတွင်း ကိုယ်ပိုင် လုံခြုံရေး အစောင့်အရှောက်တွေနဲ့ လုပ်နေကြတာဖြစ်ပြီး လူငယ်အများအပြားကို အလုပ်လုပ်ဖို့ ခေါ်ဆိုနေတာဖြစ်ပါတယ်။
၂၀၂၄ နှစ်စပိုင်းက တြိဂံတိုင်းစစ်ဌာနချုပ်ရဲ့ စီမံချက်နဲ့ မြို့ပေါ်က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာကြောင့် တရုတ်နိုင်ငံသားအများအပြားနဲ့ ဂိုဏ်းအဖွဲ့ဝင်တွေ လာအိုနိုင်ငံအတွင်းပြောင်းရွှေ့သွားကြပေမယ့် အခုနောက်ပိုင်း မြို့တွင်းပြန်လည်ရောက်ရှိလာပြီး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
MK – 002
#MeKongNews








