အင်းလေး ဆေးတပ်ဖွဲ့မှာ ဆေးဝါးအကူအညီ လိုအပ်နေ
မဲခေါင်၊ ဒီဇင်ဘာ ၄
ရှမ်းတောင်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ အခြေစိုက် လှုပ်ရှားနေတဲ့ Inle Medical Team(IMT) မှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နဲ့တိုက်ပွဲဝင်တပ်ဖွဲ့တွေအတွက် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ အဲ့ဒီဆေးတပ်ဖွဲ့ရဲ့တာဝန်ခံထံက သိရပါတယ်။
IMTဖွဲ့စည်းပြီး လေးလအတွင်း တပ်ဖွဲ့ဝင်၃၀ ကျော် ကုသခဲ့ပြီး ဆေးရုံတွေကိုလွှဲပေးနိုင်ခဲ့သလို ပြည်သူ ၃၅၇ ဦးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပေမယ့် ဆေးဝါးပစ္စည်းလိုအပ်ချက်တွေ ရှိနေတယ်လို့ IMT တာဝန်ခံဆရာဇော်က မဲခေါင်ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးနဲ့ ကုသရေးပစ္စည်းတွေ ဝယ်ယူရခက်ခဲနေပြီးဆေးဝါးရရှိဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ပြောပါတယ်။
IMTကို ပြီးခဲ့တဲ့ ဇူလိုင်လ၁၅ရက်ကမှ စတင်ဖွဲ့စည်းခဲ့ပြီး ဗျူဟာ(၂)စစ်ကြောင်းမှာ ဖယ်ခုံအရှေ့ကမ်း ဆေးတပ်ဖွဲ့အနေနဲ့ ပါဝင်ထားပြီး အခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့လဲ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
IMTဆေးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၈ရက်က အမှတ်၁၀၀၈တပ်ရင်းနဲ့တွဲပြီး ညောင်ရွှေမြို့နယ်၊ လွယ်လုံရွာတိုက်ပွဲမှာ ပထမဆုံး ပါဝင်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါဆောင်ရွက်မယ့်ဆေးတပ်သား ကူ/ကယ်တွေကို လေ့ကျင့်မွေးထုတ်ပေးနေတယ်လို့ ဆိုပါတယ်။
IMTတပ်ဖွဲ့ဟာ ရှမ်းတောင်က အခြားမဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အာဏာရှင် အမြစ်ပြတ်ဖို့ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့ CDM ဆေးဝန်ထမ်းတွေ၊ စေတနာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ ဆေးအကူတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာသီးသန့်ဆောင်ရွက်နေကြောင်း သိရပါတယ်။
MK—012









