မြေပြင်တိုက်ခိုက်ရေးအတွက် ဝရဇိန်က လက်နက် ၃၀ တပ်ဆင်
မဲခေါင်၊ ဒီဇင်ဘာ ၄
ကရင်နီပြည်နယ် တနေရာမှာ ဖယ်ဒရယ်ပြည်ထောင်စုတပ်ဦးဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က မြေပြင်တိုက်ခိုက်ရေးရဲဘော် ၃၀ အတွက် လက်နက်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
၃ လကြာ သင်တန်းပေးခဲ့ပြီး ရဲဘော်တွေအတွက် ဒရုန်းပညာရပ်၊ အခြေခံစစ်သင်တန်း၊ မြို့ပြပျောက်ကြား တိုက်ခိုက်ရေးတွေအတွက် ထိရောက်စွာသင်ကြားပို့ချနိုင်ခဲ့ကာ နိုဝင်ဘာလ ၂၉ ရက်မှာ သင်တန်းဆင်းပွဲနဲ့အတူ လက်နက်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
“ဒရုန်းတွေနဲ့ စကစဖက်က တိုက်ခိုက်လာတဲ့အခါ ကျွန်တော်တို့ဖက်က ပိုပြီးထိထိရောက်ရောက်လုပ်နိုင်ဖို့ တန်ပြန်ဒရုန်းတွေလိုတာပေါ့၊ ဒရုန်းတပ်ဖွဲ့အနေနဲ့လည်း ပြင်ဆင်ထားပါတယ်၊ ဝရဇိန်က ဒရုန်းတပ်ဖွဲ့အပြင်မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ကိုလည်းဖွဲစည်းထားပါတယ်”လို့တာဝန်ခံတစ်ဦးက ပြောပါတယ်။
အဆိုပါသင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲကို Loikaw Local PDF, ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး-ကလလတ၊ ရှမ်းလူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ -ရလလဖ၊ ကျောင်းသားတပ်မတော်၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့၊ လူ့ဘောင်သစ်၊ ဧရာဝတီ ဖက်ဒရယ်အင်အားစု စတဲ့ တပ်ဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ချီးမြှင့်တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်ရဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာက ၂၀၂၃ ခုနှစ်၊ဇန်နဝါရီကစပြီး ဝရဇိန်ဒရုန်းတပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းကာ စစ်ကောင်စီကိုတော်လှန်နေတာ ဖြစ်တယ်လို့သိရပါတယ်။
CJ-004
#MekongNews









