ထိုင်း- မြန်မာနယ်စပ် မယ်ဆိုင် မယ်ဟောက်ချောင်း တလျှောက်ရှိ အဆောက်အအုံတွေ ဖြိုဖျက်
မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းအရှေ့၊ တာချီလိတ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က တည်ဆောက်ထားတဲ့ အဆောက်အဦးတွေကို မနေ့က (နိုဝင်ဘာ ၂၇) ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။
ဌာနဆိုင်ရာခွင့်ပြုချက်နဲ့ ဆောက်လုပ်ခဲ့တဲ့ အဲ့ဒီအဆောက်အအုံ ၃၃ လုံးကို မနေ့ကမနက်ပိုင်း လူတွေ၊ စက်ယန္တရားတွေ နဲ့ ဖျက်စီးလိုက်တာလို့ သိရပါတယ်။
“ မြို့ရွာ အကျိုးဆိုတော့လဲ ဆုံးရှုံးရတာပေါ့၊ အရင်ထဲက ခွင့်မပြုရင် ဘယ်သူ့ကမှ ငွေကုန်ခံပြီးဆောက်ကြမှာ မဟုတ်ပါဘူး၊ ခုက ရေကြီးနုံးတင်တဲ့ တရားခံတွေလို မြင်ခံလိုက်ရတာ” လို့ အဆောက်အအုံဖျက်ခံရသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဘက်က အဆောက်အအုံတွေဖြိုဖျက်ခဲ့ပေမယ့် မြန်မာနိုင်ငံနယ်နမိတ်အတွင်း ထိုင်းနိုင်ငံဘက်က တည်ဆောက်ထားတဲ့ အဆောက်အအုံ ၄၅ လုံး ထိုင်းနိုင်ငံဘက်က ဖြိုဖျက်တာ မတွေ့သေးဘူးလို့ သူကပြောပါတယ်။
မယ်ဆိုင်-မယ်ဟောက်ချောင်း တစ်လျှောက် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က ဆောက်လုပ်ထားတဲ့ RC နှစ်ထပ်၊ RC တစ်ထပ် အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင် ရှစ်လုံး၊ အဆောက်အအုံနောက်ဘက်ပိုင်း ငါးခု၊ အုတ်တံတိုင်းနဲ့ အုတ်နံရံ ၁၆ ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသို လှောင်ကန်ပေါင်း လေးခု၊ စုစုပေါင်း ၃၃ ခု ရှိတယ်လို့ သိရပါတယ်။
အခုနှစ် စံချိန်တင်ရေကြီးမှုမှာ မယ်ဆိုင်ချောင်းကြမ်းပြင် မြင့်တက်လာလို့ ချောင်းဘေးက နေအိမ်တွေ ထိခိုက်ပျက်စီးမှု များပြားခဲ့ပါတယ်။
MK-012
#MeKongNews









