ညောင်ရွှေမှာ ဖဲကြိုးဖြူ ကမ်ပိန်းပြုလုပ်ပြီး အမျိုးသမီးအရေး နှိုးဆော်
မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နဲ့ ညောင်ရွှေမြို့နယ်အစပ်မှာ အင်းလေးအမျိုးသမီးသမဂ္ဂက နိုဝင်ဘာလ ၂၆ မှာ ဖဲကြိုးဖြူ ကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။
ဖဲကြိုးဖြူကမ်ပိန်းကနေတဆင့် အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုလျှော့ချဖို့၊ အကြမ်းဖက်ခံရမှုတွေတိုက်ဖျက်ဖို့၊ အမျိုးသမီးအချင်းချင်းအနိုင်ကျင့်တာ၊ ကြီးနိုင်ငယ်ညှင်းလုပ်တာတွေနဲ့ လူကုန်ကူးခံရတာတွေ ပယ်ဖျက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာကော ကမ္ဘာမှာရှိတဲ့ အမျိုးသမီးတွေအားလုံးနဲ့ တိုက်ဆိုင်တဲ့လှုပ်ရှားမှုဖြစ်ပြီး အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုရှိသေးတဲ့အတွက် ပြုလုပ်ဖြစ်တာပါ၊ ရှေ့ဆက်လုပ်ဆောင်သွားမှာကတော့ အပယ်ခံအမျိုးသမီးတွေကို ဉီးစားပေး ဖေးမတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ဝင်အမျိုးသမီးတယောက်က ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဒဏ်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရတာ၊ အသက်သေဆုံးရတာတွေအပြင် အိမ်တွင်းအကြမ်းဖက်မှု၊ အိုးအိမ်ဆုံးရှုံးမှု၊ ခွဲခြားဆက်ဆံခံရမှု၊ လူကုန်ကူးခံရမှု၊ စားနပ်ရိက္ခာ ခက်ခဲမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မြန်မာနိုင်ငံတဝှမ်းခံစားနေရတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။
အင်းလေးအမျိုးသမီးသမဂ္ဂဟာ ညောင်ရွှေမြို့နယ်က ကျေးရွာတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုသပေးနေတာတွေ၊ စားနပ်ရိက္ခာကူညီထောက်ပံတာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားမှုတွေနဲ့ ဒေသတွင်း အရေးကိစ္စတွေကို တခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တတ်နိုင်တဲ့ဖက် ကနေ ပါဝင်ကူညီနေတာ သုံးနှစ်ကျော်ရှိပြီလို့ သိရပါတယ်။
ဓါတ်ပုံ။ အင်းလေးအမျိုးသမီးသမဂ္ဂ
CJ004
#MekongNews









