လုံခြုံရေးနဲ့ တော်လှန်ရေးပုံရိပ် ထိခိုက်စေတဲ့လုပ်ရပ်မှန်သမျှ IEC အရေးယူမယ်
မဲခေါင်၊ နိုဝင်ဘာ ၂၅
မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုအပါအဝင် IEC ရဲ့ တရားဝင်ခွင့်ပြုချက်မရှိသော လုပ်ငန်းရပ်များကို ယခုနှစ်၊ အောက်တိုဘာလကစလို့ ရေတို၊ ရေလတ်၊ ရေရှည် စီမံချက်ချကာ အရေးယူဆောင်ရွက်သွားမယ်လို့ IEC ရဲ့ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကို ပြောပါတယ်။
လူထုတော်လှန်ရေး စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလကစလို့ ဒီနေ့(နိုဝင်ဘာ ၂၅) အထိ ကရင်နီပြည်မှာ KTV နဲ့ပတ်သက်ပြီး IEC အနေနဲ့ တရားဝင် ခွင့်ပြုထားတာမျိုးမရှိသေးပေမယ့် KTV ကြောင့်ဖြစ်ပေါ်လာတဲ့ အသံ ဆူညံမှုကနေအစပြုလို့ ရပ်ရွာလုံခြုံရေးကို ထိပါးခြိမ်းခြောက်တာ၊ ကရင်နီ လူမှုပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းနဲ့ လူထုတော်လှန်ရေးပုံရိပ်ကို ညှိုးနွမ်းစေတာ မှန်သမျှကို လူမှုရေးရှုထောင့်ကနေရော ဥပဒေကြောင်းအရပါ ကိုင်တွယ်ဖြေရှင်း အရေးယူဆောင်ရွက်သွားမယ်လို့ IECရဲ့တာဝန်ရှိသူက မဲခေါင်ကို ပြောပါတယ်။
ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင်လည်း အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာရှိသလို ရှောင်တခင်စစ်ဆေးတာတွေအပါအဝင် အရေးပေါ်စီမံချက်တွေ ချမှတ်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တာတွေကို စဉ်ဆက်မပြတ် ဖော်ဆောင်နေတယ်လို့ပြောပါတယ်။
“ ချမှတ်ထားတဲ့ စီမံချက်တွေနဲ့အညီ KTV တွေ ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေအပြင် ပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်နေတာ လူထုတော်လှန်ရေးကို ထိခိုက်အားလျော့စေတဲ့ လုပ်ရပ်တွေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်း အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
IECအနေနဲ့ စီမံချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ လူထုကို ဗဟိုပြုတဲ့ ကျေးရွာ/ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ် အဆင့်ဆင့် အုပ်ချုပ်ရေးအစုအဖွဲ့တွေရဲ့ ပါဝင်မှုကို အဓိကအခြေခံထားပြီး IEC ရဲ့ သက်ဆိုင်ဌာနတွေက ပူးပေါင်းပါဝင်မှာဖြစ်သလို ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့နဲ့လည်း ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
#MekongNews








