မဲခေါင်၊ နိုဝင်ဘာ ၈
ထိုင်းကုန်သွယ်ရေး၀န်ကြီးဌာနက စားအုန်းဆီကုန်ကြမ်း ပြည်ပတင်ပို့မှု ဒီဇင်ဘာလကုန်ထိ တားမြစ်တာနဲ့ မြန်မာဘက်က တရားမဝင်နယ်စပ်ကုန်သွယ်မှုကို တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေတာကြောင့် ရှမ်းပြည်အရှေ့ပိုင်းက မြို့နယ်တွေမှာ စားဆီဈေးတက်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၈ရက်အထိ စားဆီ လီတာဝက်ဗူးတစ်ဘူးကို ၃၃ဘတ်ကနေ ၃၄ဘတ်၊ တစ်လီတာဗူးတစ်ဗူးကို ၆၅ဘတ်ကနေ ၆၇ဘတ်အထိ ဈေးတက်လာပြီး တစ်လီတာကို ၁၀ ဘတ်အထိ ဈေးတက်မယ်ဆိုတဲ့ ကောလာဟာလတွေလည်း ထွက်နေတယ်လို့ မိုင်းဆတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၀ ဘတ်အထိတက်မယ်ဆိုပြီးပြောနေကြတယ်။ ဒါပေမယ့် အခုတော့ တစ်ဘတ်၊ နှစ်ဘတ်ပဲတက်သေးတယ်။ အခု မိုးများပြီး ရေကလည်းပြန်ကြီးလာတော့ စိတ်ပူမိတယ်” လို့ သူက ပြောပါတယ်။
ထိုင်းကဝင်တဲ့ စားဆီတွေ ဈေးတက်ရတဲ့အကြောင်းတွေထဲက အဓိက တစ်ချက်က လမ်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ငွေပိုပေးရတာကြောင့်လည်းပါတယ်လို့ ကျိုင်းတုံက ကုန်သည်တစ်ဦးက ပြောပါတယ်။
“အရင်က စားဆီဆို (စစ်ဆေးရေးဂိတ်တွေမှာ) သိပ်မပေးရဘူး။ ခုတော့ထိုင်းဆီဆို ဂိတ်ကျတွေက တောင်းကောင်းသွားပြီ၊ လာထားပဲ။ သူတို့စားကွက် ပိုဖြစ်သွားတာပေါ့။ စျေးထဲအကုန်သိမ်း၊ ဂိုထောင်လဲစစ်မယ်ဆိုတော့ သိမ်းရခက်တယ််” လို့ သူကပြောပါတယ်။
စစ်ကောင်စီက နယ်စပ်တရားမဝင်သွင်းကုန်တွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမယ်လို့ ကြေညာပြီးနောက်ပိုင်း လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေက ငွေပိုတောင်းလာပြီး စားဆီ တစ်လီတာ ၁၂ဘူးပါ ဂျပ်ဖာတစ်ဖာကို အရင်က ဂိတ်တစ်ဂိတ်မှာ ၁၀ဘတ်ခန့်သာပေးရပေမယ့် လက်ရှိမှာ ဘတ်၂၀ခန့် ဂိတ်တိုင်းလိုလိုပေးနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံဝင်ရောက်တဲ့ စားဆီတွေဟာ ပြည်မကလာတဲ့ စားအုန်းဆီတွေထက် အရသာကောင်းတာ၊ အသုံးခံတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ယူဆကြတာကြောင့် ရှမ်းပြည်အရှေ့ပိုင်းမှာ ထိုင်းစားဆီကိုပဲ အဓိကဝယ်ယူသုံးစွဲနေကြတာဖြစ်တာလို့ မိုင်းဆတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမှာက စားအုန်းဆီ မစားတာများတယ်။ ထိုင်းဟင်းသီးဟင်းရွက်ဆီပဲအသုံးများတာ၊ ခုလိုဖြစ်လာတော့ မှောင်ခိုမှာ စျေးကြီးပေးဝယ်စားရတော့တာပေါ့။ ပြီးတော့ စားအုန်းဆီက ဒီဘက်လဲ သိပ်မရောက်ဘူး”လို့ သူက ပြောပါတယ်။
ရန်ကုန်မှာတော့ အိမ်ထောင်စုတစ်စုကို တစ်နေ့ စားအုန်းဆီ ငါးကျပ်သားနှုန်းနဲ့ တစ်လကို တစ်ပိသာ ၅၀ကျပ်သား ဆီစာအုပ်ရတဲ့သူတွေ ဝယ်လို့ရပြီး ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေက ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ တစ်ပိဿာ ကျပ် ၆၅၉၅ ဖြစ်ကြောင်း နိုဝင်ဘာ၄ရက်မှာ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာတော့ စစ်ကောင်စီက တရားမဝင်နယ်စပ်ကုန်သွယ်မှုတွေကို တင်းတင်းကြပ်ကြပ်ပိတ်ဆို့နေတာ၊ တရုတ်ဘက်က ကုန်တင်သွင်းခွင့်ပိတ်တာ၊ ရာသီဥတုကြောင့် လမ်းပန်းဆက်သွယ်ရေးဆိုးရွားတာတွေကြောင့် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပါအဝင် အထွေထွေဈေးတက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
MK – 012










