မဲခေါင်၊ နိုဝင်ဘာ၅
ရှမ်းပြည်အရှေ့ပိုင်းက ကျိုင်းတုံအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတချို့ဟာ ထောင်ဝင်စာ အခက်အခဲကြောင့် ကျန်းမာရေးပိုင်းတွေ ချို့တဲ့လာနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ကျိုင်းတုံထောင်မှာ ထောင်ကကျွေးတဲ့ ပုံစံထောင်ထမင်း၊ ဟင်းတွေဟာ မသေယုံတမယ် ဖြစ်နေပြီး ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အာဟာရချို့တဲ့တာ၊ ဆေးဝါးလိုအပ်ချက်နဲ့ သောက်ရေသန့် မရရှိတာတွေကြောင့် ကျန်းမာရေးချို့တဲ့နေကြတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
“အိမ်ထောင်စု စာရင်းထဲပါမှ တွေ့ခွင့်ရတော့ အဝေးကမိသားစုကလာမတွေ့နိုင်သလို ငွေအပ်ဖို့လဲ မလွယ်ဘူး။ တစ်လမှ တစ်ကြိမ်ပဲ ၃မိနစ်လောက်တွေ့ရတာ။ ပြီးတော့အကြော်အလှော်ကလည်း အကန့်အသတ်နဲ့ ပေးရတာ။ ဆေးဝါးလိုအပ်ချက်၊ ရေကအစဝယ်နေရတော့ မိသားစုမလာနိုင်တဲ့တချို့တွေ အထဲမှာ အရမ်းဒုက္ခရောက်နေကြရတယ်။ အာဟာရချို့တဲ့တာတွေဖြစ်နေပြီး ခုလည်း ကျိုင်းတုံမြို့နယ်ထဲမှာ ဝမ်းလျောတာတွေ၊ ယားနာတွေဖြစ်နေလို့ အထဲမှာဖြစ်မှာ စိတ်ပူနေကြတယ်၊ ဖြစ်ရင် ကိုယ်ခံအားမရှိတော့ အသက်ထိခိုက်နိုင်တယ်” လို့ သူက ပြောပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာ ကျိုင်းတုံထောင်နဲ့မိုင်းဆတ်ထောင်တို့ရှိပြီး နှစ်ကြီးကျ နိုင်ငံရေးအကျဥ်းသမားတွေကို ကျိုင်းတုံထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။
လက်ရှိ ကျိုင်းတုံထောင်မှာ မိုင်းတုံ၊ တာချီလိတ်နဲ့ မြန်မာပြည်မ မြို့အချို့က နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်းရှိနေပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅နှစ် အထိ ကျခံထားရသူတွေလည်းပါတယ်လို့ နိုင်ကျဉ်းမိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို တတ်နိုင်သမျှ ကူညီချင်ပေမယ့်လည်း ပေါ်ပေါ်တင်တင် မကူညီရဲတာတွေလည်းရှိတယ်လို့ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။
“တတ်နိုင်တာ ကူချင်တယ်၊ ကိုယ်ချင်းလဲစာတယ်။ ဒါပေမယ့် လူလုံးလည်းမပြရဲ၊ နာမည်လည်းမထွက်ရဲတော့ ဘာမှမကူနိုင်ဘူး။ထောင်ဝင်စာမှာ နီးစပ်ရာကူထည့်ပေးတာပဲ လုပ်နိုင်တယ်”လို့ သူကပြောပါတယ်။
ရှမ်းပြည်အတွင်းမှာ ၁၀နှစ်အထက် အကျဉ်းကျခံရသူတွေကို ထားနိုင်တဲ့ လုံခြုံရေး’က’အဆင့် ထောင်လေးထောင်ရှိပြီး အဲဒီအထဲမှာ ကျိုင်းတုံထောင်လည်းပါဝင်ပါတယ်။ အဲဒီ ‘က’ အဆင့်ထောင်တွေထဲက လားရှိုးထောင်ကိုတော့ MNDAA ကသိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်အတွင်းမှာ လုံခြုံရေး ‘ခ’ အဆင့် ထောင်သုံးထောင်ရှိပြီး အဲဒီထဲက သီပေါထောင်ကိုတော့ TNLA က သိမ်းပိုက်ထားပါတယ်။ ရှမ်းပြည်အတွင်းက အချုပ်ထောင်လေးထောင်အနက် ကျောက်မဲအချုပ်ထောင်ကိုတော့ TNLA ကပဲ သိမ်းပိုက်ထားပါတယ်။
ရှမ်းပြည်အတွင်း အကျဉ်းဦးစီးဌာန စီမံကိန်းလုပ်ငန်းဌာနထဲပါဝင်တဲ့ နောင်ချိုကလွင်ကြီး၊ ကုန်းစံ၊ ကြူအင်းနဲ့ ဟိုခိုကအလုပ်ကြမ်းစခန်းတွေကိုလဲ TNLAက မြို့သိမ်းတိုက်ပွဲအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အကျဥ်းထောင် ၄၈ ထောင်ရှိရာမှာ ၃၈ထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ချချုပ်နှောင်ထားပြီးနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ မနေ့ နိုဝင်ဘာ၄ရက်ကထုတ်ပြန်ချက်မှာ မတရားအာဏာလုမှူဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၆၃၁ ဦးရှိကာ အဲဒီအထဲကမှ ၂၁၀၈၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို ထိန်းသိမ်းခံနေရသူတွေထဲကမှ ၉၄၈၇ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ပါရှိပါတယ်။
MK – 012








