မဲခေါင်၊ အောက်တိုဘာ ၂၃
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ခိုဆန်တန်ရွာရှိ ရိုးရာအရက်ချက်ရုံကို စစ်ကောင်စီက ဒီမနက် အောက်တိုဘာ ၂၃ ရက်နေ့ ၈ နာရီ ၃၅ မိနစ်အချိန်မှာ လေကြောင်းနဲ့ဗုံးကြဲမှုကြောင့် အရက်ချက်ရုံ ပျက်စီးသွားတယ်လို့ သိရပါတယ်။
လားရှိုးမြို့ထဲမှာ ဒီမနက် ၁၀ နာရီ ၅ မိနစ်အချိန်မှာ လက်နက်ပစ်ခတ်သံတွေကြားရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“ ဒီမနက်မှာ စစ်တပ်ကလေကြောင်းနဲ့ အရက်ရုံကိုကြဲသွားတယ်။ အရက်ရုံလဲပိတ်ထားလို့ လူမရှိဘူး။ မြို့ထဲမှာလဲ လက်နက်ပစ်ခတ်သံတွေနဲ့ ထိတ်လန့်စေတယ်။ ဘယ်အဖွဲ့နဲ့ဘယ်သူပစ်တာတော့ မသိရဘူး “ လို့ပြောပါတယ်။
မနေ့အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီက ရပ်ကွက် ၁၂ ဘက်မှာဗုံးကြဲမှုကြောင့် အိမ်၊ အဆောက်အဦးတွေပျက်စီးသွားပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ကိုးကန့်တပ်နဲ့တအာင်းတပ်တို့ ထိန်းချုပ်ထားတဲ့မြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ရေး မဆိုင်တဲ့နေရာတွေကို လေကြောင်းနဲ့ဗုံကြဲမှုတွေပြုလုပ်ခဲ့ပြီး တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ ဟိုမိန်းကျေးရွာကိုမနေ့ အောက်တိုဘာ ၂၂ရက်နေ့မှာ ဗုံးကြဲတာကြောင့် အသက်ကြီးအဖွားတစ်အပါအဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။
MK -011












