မဲခေါင်၊ အောက်တိုဘာ ၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး – အေးသာယာ – ညောင်ရွှေ မြို့ရှောင်လမ်းကို မနေ့ အောက်တိုဘာ ၆ ရက်နေ့ကစပြီး လမ်းပျက်စီးမှုတွေကြောင့် ယာယီပိတ်ထားတယ်လို့ နေ့စဉ်ဖြတ်သန်း သွားလာနေသူတွေက ပြောပါတယ်။
အဲဒီ မြို့ရှောင်လမ်းကို ပြင်ဆင်နေတာကြောင့် တောင်ကြီးမြို့နယ်၊ ၅ လမ်းဆုံကနေ အေးသာယာမြို့ မွေးမြူရေးဇုန်လမ်းအထိ ယာဉ်တွေ သွားလာခွင့်ကို ပိတ်ထားတာပဲ ဖြစ်ပါတယ်။
“လမ်းက အချပ်လိုက် ကွာကျနေတာ။ မိုးက ဘယ်လိုမှ မရပ်ဘူး။ နဂိုကတည်းက လမ်းအရည်အသွေးမှ မကောင်းတာ” လို့ နေ့စဉ် မြို့ရှောင်လမ်းကနေ ဖြတ်သန်းသွားလာနေသူ တစ်ဦးက ပြောပါတယ်။
ပုံမှန်သွားလာနေကြ တောင်ကြီး – အေးသာယာ – ညောင်ရွှေလမ်းဟာ ထုံးဖိုဘက် အတက်လမ်းမှာ အစစ်အဆေး တင်းကြပ်တာကြောင့် အဲဒီ မြို့ရှောင်လမ်းက လမ်းလွှဲသွားကြပြီး နေ့စဉ်အတက်အဆင်း လုပ်ရတဲ့ လူတွေအတွက် အဓိက အသုံးပြုကြတဲ့ လမ်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မြို့ရှောင်လမ်းကို ၂၀၁၅ – ၂၀၂၀ ခုနှစ် အမျိုးဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လက်ထက်မှာ စတင်ဖောက်လုပ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အဆုံးသတ်ခဲ့တာပဲ ဖြစ်ပါတယ်။
“လမ်းက ကုန်ကားတွေ မြို့ထဲဝင်မှာစိုးလို့ ဖောက်တာပေါ့။ ရည်ရွယ်ချက်က ကောင်းပါတယ်။ လမ်းအရည်အသွေးက မမီတော့ ကုန်ကားက ဝင်လို့မရ။ ပျက်ရင်လည်း ချက်ချင်း မပြင်နိုင်။ ကုန်ကားတွေ အဲဒီလမ်းက သွားအောင်လည်း မကြီးကြပ်နိုင်။ ဘတ်ဂျက်ပြစားတာပါပဲ” လို့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အေးသာယာ စက်မှုဇုန်ဘက်ကနေ ညောင်ရွှေမြို့အထိ ဆက်သွားနိုင်တဲ့ မြို့ရှောင်လမ်းပိုင်းကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ရေကျော်ပေမယ့် လက်ရှိမှာတော့ သွားလာနိုင်နေပြီလို့ သိရပါတယ်။
MK-014











