မဲခေါင်၊ အောက်တိုဘာ ၁
ကရင်နီပြည်အခြေစိုက်၊ လွိုင်ကော်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local Pdf ဆီမှာ စစ်ကောင်စီတပ်ရဲ့ တပ်သားအဖြစ် စုဆောင်းခံရတဲ့တပ်သားတဦး အလင်းဝင်ခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားအဖြစ် စုဆောင်းခံရသူဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကို ဆက်သွယ်ထားတာ နှစ်လလောက်ရှိပြီ။ ကျွန်တော်တို့ဖက်ကလည်း သေချာစီစစ်ပြီးတော့ ချိတ်ဆက်ပြီးတော့ သွားခေါ်ပေးတာပေါ့။ သူက ရဲဘော်သစ်စုဆောင်းတဲ့နေရာမှာ ပါသွားတာပေါ့။ ခုလက်ရှိကတော့ သူ့ကို ကျွန်တော်တို့နားမှာ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာလေး နေခိုင်းထားတာပေါ့နော်” လို့ တပ်ရင်းတာဝန်ရှိသူ ကိုလင်းလင်းက ပြောပါတယ်။
လာရောက်ပူးပေါင်းချိန်မှာ MA-11 သေနတ်တလက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်တောင့် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ၁၄ မိုင်း ၁ လုံးတို့နဲ့အတူ ပူးပေါင်းတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်သားအဖြစ်ကနေ CDM ပြုလုပ်လိုတဲ့ တပ်သားတွေအနေနဲ့ လာရောက်ပူးပေါင်းကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း စစ်တွေမြို့၊ မိုင်းနှောင်အခြေစိုက် ခလရ တပ်ရင်း ၉ က တပ်သားတဦး Loikaw Local Pdf တပ်ရင်းဆီမှာ အလင်းဝင်ခဲ့ပါသေးတယ်။
CJ-004










