မဲခေါင်၊ စက်တင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်းရဲ့ စပါးကျည်လို့ ခေါ်ဆောင်နိုင်တဲ့ ပုံးအင်းဒေသမှာ ရေဘေးကြောင့် နောက်နှစ်စိုက်ပျိုးရမယ့် စပါးမျိူးစေ့တွေအကုန် ပျက်စီးကုန်ပြီလို့ သိရပါတယ်။
ပုံးအင်းဒေသမှာ ယခုနှစ် မိုးရာသီအတွင်း ရေကြီးရေလျှံမှု ကြုံတွေ့နေရာက ပြီးခဲ့တဲ့ ယာဂီမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တဲ့ စံချိန်တင်ရေဘေးမှာ လယ်ဧက ၃ သောင်းကျော် ပျက်စီးခဲ့ရတဲ့အပြင် လယ်သမားတွေ နောက်နှစ်စိုက်ဖို့ သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။
“ရွာအများစုနဲ့ လယ်တွေဟာရေနှစ်မြုတ်ကုန်ပြီး နောင်နှစ်အတွက် စပါးမျိုးတွေပါမရှိတော့ပါဘူး၊ ဒေသပြန်လည် ထူထောင်ရေးအတွက် ကူညီလိုသူတွေ ဒီစပါးမျိုးတွေပံ့ပိုးပေးဖို့ စဉ်းစားပေးချင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စိုက်ပျိူးထားတဲ့လယ်တွေ ပျက်စီးကုန်လို့ စပါးမထွက်နိုင်တော့တဲ့ အပြင် စပါးမျိုးတွေပါ ပျက်စီးကုန်လို့ လယ်တွေပြန်မစိုက်နိုင်တော့တာ၊ စိုက်ဖို့အရင်းအနှီးမရှိတော့တာတွေအတွက် လယ်သမားထောင်ချီ ဒုက္ခ ရောက်ကုန်သလို မိသားစုဝင် သောင်းချီ အခက်ကြုံနေကြရတာလို့ သိရပါတယ်။
MK-012








