မဲခေါင်၊ စက်တင်ဘာ ၂၄
ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်လူရွယ်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတချို့က အွန်လိုင်းဂိမ်းတွေအပေါ် စွဲစွဲလမ်းလမ်းဆော့နေကြသူတွေရှိတာကြောင့် ငွေကြေးရှုံးနိမ့်မှုတွေနဲ့ ကြုံနေရပြီး တော်လှန်ရေးပုံရိပ်ကို ထိခိုက်မှာစိုးတဲ့အတွက် တပ်ရင်းတပ်ဖွဲ့အသီးသီးက ကန့်သတ်တားမြစ်မှုတွေ ပြုလုပ်နေပြီလို့ ရဲဘော်တွေဆီက သိရပါတယ်။
စစ်ရှောင်အချို့နဲ့ လူငယ်လူရွယ်အချို့က ငါးပစ်ဂိမ်းတွေ၊ ရှမ်းကိုးမီး၊ စလေ့ာဂိမ်းတွေကို ငွေကျပ် ၅၀၀၀ ကနေ စတင်ဆော့တဲ့သူတွေရှိပြီး တချို့က ငွေများများနဲ့ ဆော့တာတွေရှိတဲ့အတွက် ထိန်းသိမ်းဖို့လိုတယ်လို့ ပြောဆိုတာတွေရှိပါတယ်။
“တချို့က အွန်လိုင်းဂိမ်းတွေ တအားဆော့တယ်။ သူတို့နိုင်ရင်သာ အသံထွက်တာ၊ မနိုင်တာကတော့ ခပ်များများပါပဲ။ လူတိုင်းတော့မဟုတ်ဘူးပေါ့။ တချိူ့ဆိုရင် သိန်း ဆယ်ချီအထိ ရှုံးတာတွေ မြင်တွေ့နေရတယ်။ ကျွန်တော်တို့က ဘေးကနေ ပြောလို့မရဘူးလေ။ တပ်ရင်းတပ်ဖွဲ့တွေက ထိန်းမှရတာ။ မဟုတ်ရင် တော်လှန်ရေးပိုက်ဆံတွေနဲ့ သုံးနေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ကိုယ်ကရဲဘော်ဆိုတော့ အစစအရာရာ သတိထားဆင်ခြင်ရမှာပေါ့” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်က နေရာအများစုက Starlink အင်တာနက်ကို အဓိကထားအသုံးပြုနေရတဲ့အတွက် အင်တာနက်ဝန်ဆောင်မှု ပေးတဲ့နေရာတွေ အနေနဲ့လည်း လောင်းကစားပြုလုပ်သူတွေကို လက်ခံရင် တာဝန်ယူ တာဝန်ခံမှုတွေရှိရမယ်လို့ IEC အတွင်းရေးမှူး ကိုဗညားက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားပါတယ်။
“တချို့က ဂိမ်းကိုစွဲလမ်းနေတာ၊ အပျော်ဆော့ရင်းကနေ တဖြည်းဖြည်း အခြေနေဆိုးလာတာမျိုးပေါ့။ ကျွန်တော်ကတော့ မဆော့စေချင်ဘူး။ နီးစပ်တဲ့သူတွေကိုလည်း ပြောဆိုဆုံးမတာတွေလုပ်တယ်။ တချို့က နားထောင်တယ်၊ တချို့လည်း ပြောမရဘူးပေါ့။ ခုနောက်ပိုင်းတော့ ကန့်သတ်တာတွေရှိလာပြီ ” လို့ starlink အင်တာနက်ဆိုင်ဖွင့်ထားသူတယောက်က ပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က မြေပြင်လောင်းကစားရုံတွေနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို စီးပွားဖြစ် လုပ်ဆောင်နေတဲ့ လောင်းကစားလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ က စကာ ထိရောက်စွာ အရေးယူကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
CJ-004








