မဲခေါင်၊ စက်တင်ဘာ ၁၇
ရှမ်းပြည်အတွင်းက မြို့တွေမှာ စစ်မှုထမ်းအတွက် တပ်သားသစ် ခေါ်ယူရာမှာ တပ်သားတစ်ဦးကို ပေါက်စျေး ကျပ်သိန်း ၁၀၀ အထိရှိနေပြီး သက်ဆိုင်ရာ တပ်ရင်းတွေကို ရပ်ကွက်၊ မြို့နယ်တွေက ပိုက်ဆံပေးသွင်းနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျိုင်းတုံမြို့မှာ စက်တင်ဘာ ၆ ရက်က ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၂ ဆင်းပြီးတဲ့နောက် အပတ်စဥ် ၃ နဲ့ ၄ တက်နေပြီး အပတ်စဥ် ၅ အတွက် လူသစ်ခေါ်ရာမှာ ကျပ်သိန်း ၁၀၀ အထိ မြင့်တက်လာတာလို့ ကျိုင်းတုံမြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အရင်က သိန်း ၅၀ ကျော်ကနေ လူရှာရခက်တာ ကြောင့် ဒီလောက်မြင့်လာတာ။ ဒါတောင် ပေါ်တာဆွဲ၊ ဖမ်းရတာတွေ ရှိလို့ လူရတာ၊ ဒါပေမယ့် ဖမ်းလာတဲ့တပ်ကို ငွေပေးရတာပါပဲ”လို့ သူက ပြောပါတယ်။
သတ်မှတ်အချိုးချဦးရေ မပြည့်တဲ့ ရပ်ကွက်အုပ်စုတွေရဲ့စာရင်းမှာ ပေါ်တာဆွဲ အဓမ္မဖမ်းဆီးရမိသူတွေကို အစားထိုးထည့်တာဖြစ်ပြီး အဲဒီအတွက် စစ်ကောင်စီ တပ်ရင်းတွေကို ငွေပေးရတာလို့ ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမှာတော့ ကျပ် ၇၅ သိန်းအထိ ပေါက်နေပြီး လွိုင်လင်၊ နမ့်စန်၊ မိုးနဲ၊လင်းခေး စတဲ့ မြို့တွေမှာတော့ ကျပ်သိန်း ၅၀ အောက်မကျဘူးလို့ ဒေသခံတွေထံ မေးမြန်းချက်အရ သိရပါတယ်။
ရှမ်းပြည်အတွင်းကမြို့တွေမှာ လူငယ်အများစုဟာ ထိုင်း၊ လာအို နိုင်ငံတွေဘက် တိမ်းရှောင်ကုန်ကြသလို ရှမ်းလူငယ်အများစုကတော့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ရောက်ကုန်ကြပြီး ပအိုဝ်း၊ လားဟူလူငယ်အများစုကတော့ ကျေးရွာ အုပ်စုအလိုက် ဌာနေပြည်သူ့စစ်အဖွဲ့တွေထဲဝင်ရောက်ကုန်ကြကာ အချို့တွေလဲ PDF တွေထဲဝင်ကုန်ကြလို့ အသက်အပိုင်းအခြား အကျုံးဝင်တဲ့ လူငယ်၊ လူရွယ်တွေ နည်းပါးလာတာလို့ သိရပါတယ်။
ရပ်ရွာတွေအတွင်းက မူးယစ်ဆေးစွဲနေသူတွေနဲ့ ပြစ်မှုကျူးလွန်သူတချို့ စစ်ကောင်စီတပ်ထဲရောက်ကုန်ကြတာကြောင့် လူထုကို ဒုက္ခပေးနိုင်တဲ့အတွက် အထူးသတိထားကြဖို့ ဒေသခံတွေကြား ပြောဆိုနေကြပါတယ်။
“မြို့သန့်သွားတယ်ဆိုပေမယ့် ရောက်တဲ့နေရာပြသနာရှာမှာ စိုးရိမ်ရတယ်။ အိမ်အတွက် အမှန်ရှိနေရမယ့်ကလေးတွေကျတော့ မရှိနိူင်တော့ဘူး”လို့ မိုင်းဆတ် ဒေသ ခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေမှာ အသက်အကျုံးဝင်ပေမယ့် မိဘကိုလုပ်ကြွေးနေသူ တစ်ဦတည်းသောသား ကင်းလွတ်ခွင့်သာမက ဥပဒေပါ အခြားလျောပေါ့အခြေအနေတွေ ရှိပေမယ့် စစ်အုပ်စုအသိုင်းအဝန်းမှာသာ ခံစားခွင့်ရပြီး အခြားပြည်သူတွေကို မပေးဘူးလို့ ပြည်သူတွေက ဝေဖန်ကြပါတယ်။ အာဏာမသိမ်းခင်က စစ်သားသစ် ၁ ဦးကို ကျပ် ၁၅ သိန်းအထိ စျေးပေါက်ခဲ့ရာက အခုမှာ စျေးပိုရလာလို့ ဖမ်းမိသူကို ရောင်းစားတာတွေ ပိုမိုဖြစ်ပေါ်လာပြီး ပေါ်တာဆွဲတာ အဓမ္မဖမ်းဆီးတာတွေ ပိုမိုပြုလုပ်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။
စစ်ကောင်စီဟာ လူငယ်တွေ ပြည်ပမထွက်နိုင်အောင် သတ်မှတ်အသက်အပိုင်းအခြားအလိုက် ပိတ်ပင်တာ၊ တရားဝင်အလုပ်ခေါ်စာMOU နဲ့ ပြည်ပအလုပ်သွားရောက်လုပ်ကိုင်တာ ပိတ်ပင်တာ၊ ပြည်ပအလုပ်ထွက်လုပ်ခွင့်Passport PJ တွေပိတ်ပင်တာ၊ ပြည်ပအလည် PV အသစ်တွေပေးမထွက်တာစတဲ့ လုပ်ဆောင်ချက်တွေနဲ့ လူထုကို အမျိုးမျိုးအကြပ်ကိုင်လာရာကနေ အခုဆိုရင် နိုင်ငံခြားမှာ Passport သက်တမ်းကုန်သွားရင် အရင်လို သံရုံးတွေမှာ မတိုးပေးတော့ဘဲ ပြည်တွင်းအထိ ပြန်လာသက်တမ်းတိုးဖို့ အကြပ်ကိုင် စီစဉ်တာတွေပါ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာ ကျိုင်းတုံမြို့က အခြေခံစစ်သင်တန်းမှာ သင်တန်းတစ်ပတ်ကို လူ၄၀၀၀ ထောင်နှုန်းနဲ့ ဖွင့်လှစ်နေပြီး အပတ်စဥ် ၄ အထိ ခေါ်ယူသင်တန်းပေးပြီးပြီလို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ လက်ရှိမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ် ၅ အတွက် လူစု၊ ငွေစုနေကြရပြီး တာချီလိတ်၊ မိုင်းပျဥ်း၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်တွေမှာ ပေါ်တာဆွဲတာ ငွေအဓမ္မကောက်ခံတာတွေ ရှိနေသလို အခြားဒေသကလာရောက်သူတွေကိုလဲ အကြောင်းအမျိုးမျိုးပြကာ စစ်ဆေးမေးမြန်းတာတွေရှိနေတယ်လို့ သိရပါတယ်။
Photo – MOI
MK-012








