မဲခေါင်၊ စက်တင်ဘာ ၁၆
စစ်ပွဲနဲ့ ရေဘေးတွေကြောင့် ပုံမှန်အသုံးပြုတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ ရှမ်းပြည်မှာ CDMA ဖုန်းကဒ်တွေ အရောင်းအဝယ်ဖြစ်လာတယ်လို့ ဖုန်းရောင်းဝယ်သူတွေထံက သိရပါတယ်။
အရင်က အသုံးပြုမှုများတဲ့ ကမ်းရိုးတန်းဖုန်းလို့ ခေါ်ဆိုခဲ့ကြတဲ့ CDMA 450/800ဖုန်းကဒ်တွေ အရောင်းအဝယ်ပြန်ဖြစ်လာတာဖြစ်ပြီး လတ်တလော ရှမ်းအရှေ့နဲ့ ရှမ်းမြောက်က မြို့နယ်တချို့မှာ သုံးလို့ရနေတယ်လို့ သိရပါတယ်။
“လိုင်းဆွဲကြမ်းတဲ့ ZTE ဟမ်းဆက်နဲ့ ၈၆ အစကို ကျပ် ၈သိန်းပေးဝယ်ရတယ်။ ၄၇၁ အစလဲရှိတယ်။ ရှမ်းမြောက်ဆွဲနေတော့ ဟမ်းဆက် ၃ခု၊ ဖုန်းလိုင်းအစုံထည့်ထားရတယ်။ တစ်ကဒ်မရ တစ်ကဒ်လေ။ မူဆယ်၊ နမ့်ခမ်းဆို တရုတ်ကဒ်တောင်ထည့်ရတာ” လို့မန္တလေး- ရှမ်းမြောက်ဆွဲနေတဲ့ ကားသမားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အခုအခါမှာ စစ်ဖြစ်ရာ မြို့ရွာတွေ၊ သဘာဝဘေး(ရေဘေး)ဒဏ်ခံရတဲ့ ဒေသတွေမှာ အခြား GSM လိုင်းတွေထက် CDMA ဖုန်းတွေ ပြတ်တောက်မှုနည်းလို့ အသုံးများလာပြီး အရောင်းအဝယ်ပြန်ဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
CDMA 450/800 ဖုန်း တကဒ်ကို လက်ရှိကြမ်းခင်းစျေး ကျပ်၈သိန်းခန့် ရှိနေပြီး ကီးပတ်ဖုန်းလို့ခေါ်တဲ့ ခလုပ်သာနှိပ်ရပြီး ကျန်အင်တာနက် အသုံးပြုတာတွေ မပါရှိတဲ့ Handset ဖုန်းတွေနဲ့ အသုံးပြုရတာဖြစ်ပါတယ်။
CDMA 450/800မှာ ၄ အစ၊ ၈ အစ ဖုန်းနံပါတ်တွေကို မြန်မာ့ဆက်သွယ်ရေးက ကျပ်၁၅သိန်းနဲ့ ထုတ်ပေးခဲ့တာဖြစ်ပြီး ကျန် ဖုန်းလိုင်းအမျိုးအစားတွေ ပေါ်လာပြီးနောက် အင်တာနက်သုံးစွဲမှုကွာခြားတာ၊ ငွေဖြည့်ရတာ အဆင်မသင့်တာတွေကြောင့် သုံးစွဲသူနည်းပါးခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဖုန်းအော်ပရေတာတွေမှာ MPT က အဲဒီ CDMA ဖုန်းလိုင်းတွေကို ကိုင်တွယ်ထားပြီး ကျန် ATOM ၊ Ooredoo၊ Mytel တွေအပြင် သာမန်လူထု အသုံးပြုခွင့်မရတဲ့ စစ်တပ်သုံး GOTA ဖုန်းနဲ့ ဂြိုလ်တုဖုန်းတွေ ရှိနေတာဖြစ်ပါတယ်။
MK – 012
ရှမ်းပြည်မှာ CDMA ဖုန်းကဒ်တွေ အရောင်းအဝယ်ပြန်ဖြစ်လာ
မဲခေါင် 17 Sep - 2024
စစ်ပွဲနဲ့ ရေဘေးတွေကြောင့် ပုံမှန်အသုံးပြုတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ ရှမ်းပြည်မှာ CDMA ဖုန်းကဒ်တွေ အရောင်းအဝယ်ဖြစ်လာတယ်လို့ ဖုန်းရောင်းဝယ်သူတွေထံက သိရပါတယ်။








