မဲခေါင်၊ စက်တင်ဘာ ၁၆
ကရင်နီ-ရှမ်းပြည်နယ်စပ်မှာရှိတဲ့ လွိုင်လင်လေး မြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အစုံအလင် ၂၄ လက် သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လွိုင်လင်လေးမြို့တွင်းရှိတဲ့ ကာကင်းစခန်းတွေ၊ ကျောင်းကုန်း၊ ကုန်းဆွတ်၊ အောင်ပလ၊ ကယန်းတာဝါတိုင်ကုန်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ၈ ရက်နေ့အထိ တော်လှန်ရေးတပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်ကာ တိုက်ပွဲအတွင်း လက်နက်အစုံအလင် ၂၄ လက်နဲ့ စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်သုံ့ပန်းအဖြစ် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အဆက်မပြတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့ရပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း KNDF B-28 က တပ်ခွဲမှူး ဆီမိုးနယ်(JND) က စက်တင်ဘာလ ၆ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းကထုတ်ပြန်ထားပါတယ်။
အထိနာနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စက်တင်ဘာလ ဒုတိယအပတ်အတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၁၄ ဦးထပ်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ များပြားကာ နေအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
CJ-004










