မဲခေါင်၊ စက်တင်ဘာ ၁၄
ကယား(ကရင်နီ)ပြည်နဲ့ ရှမ်းတောင်အစပ်က ဒေသတွေမှာ ရေကြီးရေလျှံမှုကြောင့် ၃ ရက်အတွင်း သေဆုံးသူ ၂၄ ဦး ရှိလာပြီလို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
သံလွင်မြစ်၊ ထူးချောင်း၊ ပွန်ချောင်း စတဲ့ ချောင်းမြောင်းတွေမှာ ရေတက်လာတာကြောင့် ရေကြီးရေလျှံဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့က သေဆုံးခဲ့တဲ့ ကရင်နီ ဆေးတပ်သား ၁၈ ဦးအပြင် ဒီနေ့ (စက်တင်ဘာ ၁၄) အထိ ကောက်ယူထားတဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွင်းက ကျေးရွာပေါင်း ၁၀ ရွာကျော်လည်း ပျက်စီးခဲ့ပြီး အိမ်ခြေပျက်စီးမှုကတော့ ၁၀၀ ကျော် ရှိနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ခန့်မှန်းပါတယ်။
“သေတာတွေတော့ စစ်ရှောင် အများစုပါ။ သူတို့ တဲတွေက မခိုင်တော့ လေနည်းနည်းလေး ပြင်းတာနဲ့ ရေနောက် လိုက်ပါပြီ။ ညတစ်ပိုင်း တက်လာတာဆိုတော့ ဘယ်သူမှ မထင်ထားဘူးလေ။ သေတာက ၁၀၀ ကျော်နိုင်ပါတယ်” လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
မြေပြိုတဲ့ တချို့နေရာတွေမှာတော့ ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)က ဝင်ရောက်ရှင်းလင်းပေးနေပြီး ဒီနေ့ မနက်ပိုင်း အခြေအနေအရ ထူးချောင်းရေ ကျလာပေမယ် မော်ချီး – ဒီးမော့ဆို ယာဉ်လိုင်းတွေ သွားလာဖို့ အဆင်မပြေသေးဘူးလို့ သတိပေးထားပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ကရင်နီပြည်မှာ လယ်ဧကထောင်ချီလည်း ရေမြုပ်သွားပြီး လာမယ့်နှစ်အတွင်း ဆန်ဈေး ထပ်တက်လာနိုင်တယ်လို့ စစ်ဘေးရှောင်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။
MK-014















