မဲခေါင်၊ သြဂုတ် ၃၀
ပြည်တွင်းမှာ ရွှေရောင်း ရွှေဝယ်တာတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၃% ပေးဆောင်ရမယ်လို့ စစ်ကောင်စီ က အမိန့်ထုတ်ပြန်ပါတယ်။
တနေ့ သြဂုတ်လ ၂၈ ရက်စွဲပါ စာနဲ့ ၂၀၂၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေကို ပြင်ဆင်တာဆိုပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထားတာပါ။
ရွှေစင် ရွှေတုံးများ(စံချိန်မီ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)ဆိုတဲ့ စကားရပ်တွေကိုပယ်ဖျက်ပြီး ရွှေစင် ရွှေတုံးများ(စံချိန်မီ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချရငွေအပေါ်နဲ့ ပြည်ပက တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဘိုးအပေါ် ၃% ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်ဆိုပြီး ယင်း ၃% ကောက်ထားတာကို ပြည်တွင်း/ပြည်ပမှာ ပြန်ဝယ်တာ၊ ရောင်းတာမှာ ခုမနှိမ်ရဘူးလို့ ပါရှိပါတယ်။
“အရင်က အထည်တွေ မပါဘူး၊ ခုပါလာတယ်၊ ပြီးတော့ ခုမနှိမ်ရဘူးဆိုတော့ ဘယ်မှာဖြစ်ဖြစ် ရောင်းတိုင်း ဝယ်တိုင်းအခွန် ၃% ပေးရမယ့် သဘောပဲ၊ ဘောက်ချာဖြတ်တိုင်း ပေးရမှာဖြစ်လို့ ရွှေပေါက်စျေးမှာ အခွန်ပေါင်းထည့်ပြရမှာပေါ့၊ ဝယ်တိုင်းရောင်းတိုင်း ပြည်သူနာမှာပဲ’လို့ တောင်ကြီးက ရွှေလုပ်ငန်းရှင် ၁ ဦးက မဲခေါင်ကိုပြောပါတယ်။
ယခင်က ပြည်သူအများစုဟာ လက်ဝတ် ရတနာ အထည်တွေအတွက် အခွန်မရှိဘဲ ခုအခါမှာတော့ ပေးဆောင်ရမှာဖြစ်ပြီး အခြားကုန်တွေလိုပဲ စားသုံးသူအပေါ်သာ ကောက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရွှေစျေးတွေကို ထိန်းချုပ်ဖို့ကြိုးစားရင်း စျေးနှန်းသတ်မှတ်ချက် ဖိအားတွေပေးပြီး ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာတွေ လုပ်နေရာကနေ ခုအမိန့်စာအရ ပြည်သူတွေဆီကပါ အခွန်အကြောင်းပြ အဓမ္မကောက်ခံလာတာ ဖြစ်ပါတယ်။
လက်ရှိ ယနေ့ သြဂုတ်လ ၃၀ ရက် ရွှေစင် ၁ ကျပ်သား ပြင်ပပေါက်စျေးဟာ ၆၉၅၀၀၀၀ ကျပ်ဖြစ်ပြီး စစ်ကောင်စီသတ်မှတ်စျေးကတော့ ၅၀၀၆၉၇၃ဖြစ်ကာ အချိန်နဲ့အမျှ စျေးအပြာင်းအလဲဖြစ်နေတာလို့ ရွှေစျေးကွက်က သိရပါတယ်။
MK-012









