မဲခေါင်၊ ဩဂုတ် ၃၀
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ မိုးရေတိုက်စားပြီး မြေပြိုကျမှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ စပါးစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈၊ ၂၉ ရက်ပိုင်းတွေက ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုနဲ့ ဆောင်ဒူ ကျေးရွာတွေမှာ မိုးရက်ဆက် ရွာသွန်းမှုကြောင့် မြေဆီလွှာတိုက်စားပြီး တောင်ကမ်းပါးနေရာတွေက မြေထုတွေ ပြိုကျခဲ့တာပါ။
“ထိတဲ့လူတွေ ကံကောင်းတယ်။ နည်းနည်းလေးပဲ လိုတာ။ ရှောင်တာ မမြန်ရင် အရှင်လတ်လတ် သဂြိုဟ်သလို ဖြစ်မှာ။ ဒဏ်ရာတွေတော်တော်ပြင်းတယ်၊ မြေက အရှိန်နဲ့ ကျလာတာဆိုတော့ မြေပြိုတဲ့နားက စိုက်ခင်း ၅ ဧကလောက်တော့ ပျက်သွားတယ်” လို့ လိုဘာခိုရွာခံ တစ်ဦးက ပြောပါတယ်။
ထိခိုက်သူတွေဟာ ဦးခေါင်း၊ ကျော၊ ဝမ်းဗိုက် နေရာတွေမှာ ထိခိုက်မှု ရှိခဲ့ပြီး တစ်ဦးက ဝမ်းဗိုက်နေရာမှာ ချုပ်ရတဲ့အပြင် ကျန် ၂ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ မြေပြိုကျမှုကြောင့် တောင်သူ ၈ ဦးပိုင်တဲ့ လယ် ၁၀ ဧကကျော် ပျက်စီးခဲ့ပြီး အရပ်သား တစ်ဦးလည်း ဦးခေါင်းမှာရတဲ့ ဒဏ်ရာကြောင့် ၇ ချက်ချုပ်ထားရတယ်လို့ သိရပါတယ်။
“တောင်တစ်လုံး ပြိုကျလာတာ။ သူက ထိုင်နေတော့ လယ်ကန်သင်းမှာ မြေရိုက်ပြီး သူ့ကို ထိတာ။ သူက ဒဏ်ရာနဲ့ ပြေးလို့ လွတ်သွားလို့ မသေတာ” လို့ တောင်သူ တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ဩဂုတ်လအတွင်း မိုးရက်ဆက်ရွာသွန်းမှုတွေကြောင့် စပါးခင်းပျက်စီးတာ၊ ရေကြီးရေလျှံဖြစ်တာတွေ ကြုံနေရသလို စစ်ကောင်စီဖက်က လက်နက်ကြီး နေ့စဉ်ပစ်ခတ်တာတွေကြောင့်လည်း စစ်ဘေးရော ရေဘေးပါ စိုးရိမ်နေရတယ်လို့ စုံစမ်း သိရပါတယ်။
MK-015











