မဲခေါင်၊ သြဂုတ် ၃၀
NLD အစိုးရ လက်ထက် ၂၀၁၇ ခုနှစ်ကနေ စစ်အာဏာ မသိမ်းခင်အထိ ရပ်နားထားခဲ့တဲ့ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုမှာရှိတဲ့ ပင်းပက် သံမဏိစက်ရုံကို စစ်ကောင်စီက လည်ပတ်ဖို့ထပ်မံ ကြိုးပမ်းလာတာလို့ သိရပါတယ်။
ရှမ်းပြည်၊ တောင်ကြီးမြို့ဝန်းကျင်က ကျေးရွာ ၃၀ ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ လူဦးရေ ၂ သောင်းရဲ့ စီးပွားရေးနဲ့ ကျန်းမာရေး ထိခိုက်နိုင်လို့ NLD အစိုးရ လက်ထက်က ရပ်နားထားတဲ့ ပင်းပက် သံမဏိစက်ရုံ ပြန်လည်ပတ်ဖို့ စစ်ကောင်စီက ရုရှားအကူအညီနဲ့ထပ်မံ ကြိုးပမ်းလာတာပါ။
သြဂုတ်လ ၂၇ ရက်က နေပြည်တော်မှာ စစ်ကောင်စီရဲ့စက်မှုဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိတဲ့ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအမြန်ဆုံးပြီးစီးလည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ် Iskander Azizovတို့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။
အဲဒီစက်ရုံကို ရိုးမတ်နည်းစဉ်အသုံးပြု သံရည်ကျိုမီးဖို၊ အောက်ဆီဂျင် အလုပ်ရုံတို့မှာ စက်ပစ္စည်းများတပ်ဆင်တာ၊ စမ်းသပ်လည်ပတ်တာတွေဆောင်ရွက် နိုင်ဖို့ စာချုပ်မူဘောင်လက်မှတ်ရေးထိုးနိုင်ဖို့၊ စက်ရုံလည်ပတ်နိုင်ဖို့ နည်းပညာပိုင်း အထောက်အပံ့ ပေးဖို့၊ နှစ်ဖက်အပြီးသတ်ဆွေးနွေးညှိနှိုင်းပြီးစီးပါက စာချုပ်မူဘောင် လက်မှတ်ရေးထိုးရေး၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းတွေအမြန်ဆုံးပြီးစီးဖို့အတွက် ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြတာလို့သိရပါတယ်။
စစ်ကောင်စီကြောင့် တောင်ကြီး-ဟိုပုံးသွား ကားလမ်းပေါ်က ပအိုဝ်းမတောင်ဟာ ချိုင့်ဝှမ်းကြီးဖြစ်သွားတော့မှာလား စိုးရိမ်တယ်လို့ တောင်ကြီးဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ဖားကန့်ဒေသကိုလှမ်းကြည့်လိုက်တော့ လမ်းခင်းကျောက်ထုတ်သလို စိတ်ထင်တိုင်းစိတ်ကြိုက်ထုတ်နေတဲ့ ကျောက်စိမ်းတုံးတွေကြောင့် သဘာဝတောင် အလုံးငါးဆယ်လောက်ကုန်သွားခဲ့ပြီ ဘက်ဟိုး နဲ့ ဒိုဇာ တွေစိတ်ရှိလက်ရှိဖြိုချ ထိုးချနေလိုက်တာ တောင်တန်းကြီးတွေပါ၊ နောက်ဆိုရင် တောင်ကြီး ဟိုပုံး သွားကားလမ်းမပေါ်က ပအိုဝ်းမ တောင်ဆိုတာချိုင့်ဝှမ်းကြီးဖြစ်သွားတော့မှာလားပျောက် ဆုံးသွားတော့ မှာ လား ရှမ်း တောင်တန်းကြီးတွေ”လို့ သူကပြောပါတယ်။
ပင်းပက်သံမဏိစက်ရုံ တည်ထောင်ခဲ့စဉ်ကလည်း အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေရဲ့ မြေဧက ၅၀၀၀ ကျော် ကို သိမ်းယူခဲ့တယ်လို့ သိရပြီး NLDအစိုးရ လက်ထက်၂၀၂၀ခုနှစ်မတ်လ ၁၅ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကနေ အရှူံးပေါ်နေတဲ့အမှတ် ၁သံမဏိစက်ရုံ ( မြင်းခြံ) နဲ့ အမှတ် ၂ သံမဏိစက်ရုံ ( ပင်းပက်) တို့ကို ဖျက်သိမ်းသွားဖို့အတည်ပြု ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
ပြည်သူ့အစိုးရလက်ထက်က အများသဘောတူညီချက်နဲ့ လွှတ်တော်ကဖျက်သိမ်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုစစ်ကောင်စီက ရုရှားအကူအညီနဲ့ ဆက်လုပ်ဖို့ ထပ်မံကြိုးပမ်းလာတာ ဖြစ်ပါတယ်။
MK-012








