မဲခေါင်၊ ဩဂုတ် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ယခု ၂၀၂၄ ခုနှစ် မိုးရာသီတွင်း ရေတက်နှုန်း အဆမတန် မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုလအတွင်း မိုးရက်ဆက် ရွာသွန်းမှုတွေကြောင့် အမှတ် ၁ ချောင်း၊ အမှတ် ၂ ချောင်း အပါအဝင် ကျေးရွာတွင်းက ချောင်းတွေမှာလည်း ရေတက်နှုန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေထုဝင်ရောက်ဖို့ တစ်ထွာခန့်သာ လိုတော့တယ်လို့ ဆိုပါတယ်။
“ရွာထဲမှာ နှစ်ပေါင်းများစွာ ရေမဝင်တဲ့ချောင်း ရှိတယ်။ ရေမရှိတာ ဆယ်စုနှစ် ကျော်ပြီ။ အဲဒါကို လမ်းဖြစ်အောင် မြေဖို့ထားတာပေါ့နော်။ အခု အဲဒီလမ်းပါ မြုပ်သွားပြီ” လို့ သာလေးရွာခံ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။
ရေထုမြင့်တက်လာမှုကြောင့် ဖောင်တော်ဦးဘုရားအနီး၊ သာလေးကျေးရွာအုပ်စုတွင်းက ကျေးရွာတွေမှာ အိမ်အောက်ထပ် ရေမြုပ်နေပြီး ငွေကြေးအဆင် မပြေလည်သူတွေအတွက် အိမ်ပြောင်းရွှေ့ရတာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျွန်းမျှောစိုက်ခင်းတွေနဲ့ အင်းတိန်ကျေးရွာတွင်းက ကားလမ်းတချို့လည်း ရေမြုပ်ပျက်စီးကုန်တာကြောင့် ငွေကြေးနစ်နာ ဆုံးရှုံးမှုတွေနဲ့ သွားရေးလာရေး ခက်ခဲမှုတွေ ကြုံနေရပါတယ်။
“အိမ်အောက်ထပ်ဆို ရေမဝင်တာ ဆယ်နှစ်ကျော်ပြီ။ အခုတော့ အောက်ထပ်က လှေပါ ဆိုက်ကပ်ထားလို့ ရပြီ” လို့ ကေလာရွာနေ စိုက်ပျိုးတောင်သူ တစ်ဦးက ပြောပါတယ်။
ဒီနှစ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဒေသစာရီကြွချီပူဇော်ခံပွဲကို မကျင်းပဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အင်းလေးကန် ရေမြင့်တက်လာမှုကြောင့် စစ်ကောင်စီက ဖိအားပေးပြီး ပြန်ကျင်းပခိုင်းနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အင်းလေးဒေသမှာ ၂၀၀၅ ခုနှစ်က စံချိန်တင် ရေမြင့်တက်ခဲ့ရာမှာ ဖောင်တော်ဦးဘုရား ရင်ပြင်နဲ့ ကျောင်းတော်အောက်ထပ်အထိပါ ရေဝင်ရောက်ခဲ့ဖူးပါတယ်။
MK-014









