မဲခေါင်၊ သြဂုတ် ၂၈
“ဝ” နယ် ဆောက်လုပ်ရေးဝန်ကြီးတာဝန်ယူထားသူ UWSA ရဲ့ တပ်မဟာ၃၁၈ တပ်မဟာမှူးဟောင်း တာ့အိုက်ရုန်း ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားကြောင်း နမ့်တစ်မြို့နေ တာဝန်ရှိသူတစ်ဦးထံက သိရှိရတယ်လို WNLသတင်းမှာပါရှိပါတယ်။
ကွယ်လွန်သူ တာ့အိုက်ရုန်း ဟာ UWSA တပ်မဟာ ၃၁၈ မှာ တပ်မဟာမှူးရာထူးနဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် အနားယူခဲ့ကာ အရပ်ဘက် ဌာနဆိုင်ရာ တစ်ခုဖြစ်တဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနထဲ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးလို့ သတင်းစဥ်မှာဖော်ပြ ပါရှိပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဝ ခေါင်းဆောင် ကျောက်ညီလိုင် နှင့် ပေါက်ယိုချမ်းတို့ ဦးစီးတဲ့ ဝ တပ်ဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ/“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အဖြစ် ရပ်တည်ခဲ့ကာ နဝတ နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး နဝတ က ရှမ်းအထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ပန်ဆန်း ဗဟိုပြု “ဝ”ဒေသ တပ်ဖြန့်ခွဲမှု နယ်မြေအား ထိန်းသိမ်း၍ ခံစစ်ပြုထားရန် တပ်မဟာ ၄ ခုဖွဲ့စည်း၍ ဖြန့်ခွဲထားရှိရာမှာ ယခုကွယ်လွန်သူ တာ့အိုက်ရုန်း တပ်မဟာမှူး တာဝန်ယူခဲ့တဲ့ တပ်မဟာ ၃၁၈ဟာ မိုင်းမောခရိုင် မိုင်းမောတွင်အခြေပြု ဖြန့်ခွဲပြီး ကွန်လုံ၊ဟိုပန်၊ပန်လုံဒေသအား ထိမ်းချုပ်ထားသည့် တပ်မတော်တပ်ဖွဲ့များနှင့် ရင်ဆိုင်ထားတယ်လို့ သိရသလို လက်ရှိမှာ တပ်အင်အားအချို့ တန့်ယန်းနဲ့ လားရှိူးမှာ ရောက်ရှိတပ်စွဲထားတယ်လို့သိရပါတယ်။
MK-012











