မဲခေါင်၊ သြဂုတ် ၂၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ခွင့်ပြုချက်မဲ့ မြေကွက်ဖော်ထုတ်ကာ လူမှုကွန်ရက်ပေါ်မှာ ရောင်းချနေမှုတွေ ရှိနေတယ်လို့ သိရတာမှာ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စုအတွင်းက မြေတွေကို ခွင့်ပြုချက်မရှိဘဲ Facebook Online Media တွေကတဆင့် ကြေညာရောင်းချနေတာလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ် ထွေအုပ်ရုံးက တောင်ကြီးရှိ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အသင်းရုံးတွေကို ပေးပို့တဲ့စာအရ ခွင့်ပြုချက်မဲ့ လုပ်နေသူတွေကို စိစစ်အရေးယူမယ်လို့ သိရပါတယ်။
အဆိုပါစာကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်တာဖြစ်ပြီး အုပ်ကြီးတွေ၊ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေကို ပေးပို့ထားတာ တွေ့ရပါတယ်။
“အဓိက သူတို့စာထုတ်တာ မသိတဲ့ပြည်သူတွေ ရောင်းမှား ဝယ်မှား ဖြစ်ကြမှာ စိုးတာကြောင့် စာထုတ်တယ်လို့ သိရတယ်ဗျ၊ ရောင်းနေတာက မအလ အာဏာသိမ်းမှ ကောက်ခါ ငင်ကာ ပေါ်လာတဲ့ mlm product တွေ ရောင်းပြီး ဂျင်းထည့်နေတဲ့ cele လိုလို ဘာလိုလို သူပဲရောင်းနေတာဗျ၊ ဝယ်နေကြတာက တောင်ကြီးမြေဆိုရင် ပြီးရော ဆိုပြီး ဘာမှမသိဘဲ အဝေးကနေ ဝယ်နေကြတာ၊ အဲတာရောင်းနေတာ အတော်ပြန့်နေပြီဗျ”လို့ ယင်းကိစ္စကို လူမှုကွန်ရက်တင်သူက ပြောပါတယ်။
မြေစျေးများမှာ ကျပ်သိန်း ၄၅၊ ၂၀၊ ၃၀ ပတ်ချာလည်လောက်ရှိပြီး ရိုက်စားလုပ်နေတာလို့ ဆိုပါတယ်။
တောင်ကြီးမြို့ပေါ်က မြေစျေးများမှာ သိန်းထောင်ကျော်၊ သောင်းကျော်ရှိနေရာက အခုလို ကျောက်တလုံးဘက်က မြေတွေကို ခွင့်ပြုချက်မဲ့ စျေးပေါပေါနဲ့ လိမ်လည်ရောင်းချနေတာဖြစ်တယ်လို့ အများပြည်သူသိဖို့လိုအပ်နေတာဖြစ်ပါတယ်။
MK-012








