မဲခေါင်၊ ဩဂုတ် ၂၁
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ – တောင်ကြီး လမ်းမကြီး၊ ကျိုင်းတုံမြို့နယ်၊ ရင်ကွဲတောင်မှာ မြေပြိုကျမှုကြောင့် ကားအစီးရေ ရာချီပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၂၁ မနက်ပိုင်းကတည်းက ရင်ကွဲတောင်လမ်းအခြေအနေဟာ မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရွှံ့နွံတွေနဲ့ ထူထပ်နေပြီး စွန့်စားမောင်းနှင်ကြတဲ့ ကားတချို့ကတော့ လွတ်မြောက်သွားပြီလို့ဆိုပါတယ်။
“လမ်းအခြေနေ မကောင်းရင် ကားသမားရဲ့ သဘာက အရမ်းစကားပြောတယ်။ ဒီဟာကို လွတ်မနိုင်လား မလွတ်နိုင်လား သူပဲသိမယ်လေ။ မလွတ်နိုင်ရင်တော့ မစွန့်စားတာ ကောင်းတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ရင်ကွဲတောင်ဟာ အတက်ကြမ်းလွန်းတာကြောင့် စပါယ်ရှယ်တောင်လို့လည်း ခေါ်ကြပြီး ကျိုင်းတုံမြို့အဝင်ရဲ့ နောက်ဆုံးတောင်ဖြစ်တဲ့အပြင် မိုးရာသီတွင်း မကြာခဏ မြေပြိုကျလေ့ရှိတယ်လို့ သိရပါတယ်။
တာချီလိတ် – ကျိုင်းတုံ – တောင်ကြီး မိုးရာသီတွင်း မကြာခဏ လမ်းပျက်စီးလေ့ ရှိတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ နာရီနဲ့ချီကြာတတ်တာကြောင့် တောင်ကြီးကနေ တာချီလိတ် သွားလာကြသူတွေဟာ တစ်ပတ်အထိ ကြာနိုင်တယ်လို့ ယာဉ်မောင်းတွေက ပြောဆိုထားပါတယ်။
ဩဂုတ်လအတွင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် တောင်ကြီး – တာချီလိတ် တစ်ဦးနှုန်း ၇၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ရန်ကုန် – တာချီလိတ် ၁၂၀,၀၀၀ ကျပ်မှ ၁၆၅,၀၀၀ ကျပ် (VIP ၁၈၅,၀၀၀ ကျပ်) စတဲ့ နှုန်းထားတွေနဲ့ ပြောင်းလဲ ကောက်ခံထားတယ်လို့ ဂိတ်မှူးတွေဆီက သိရပါတယ်။
MK-014









