မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းအရှေ့ ၊ မိုင်းတုံမြို့နယ်အတွင်းက ထိစပ်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ပူးတွဲကင်းလှည့်တာတွေ လုပ်ဆောင်တာအပြင် နယ်စပ်မြို့တွေမှာ နှစ်နိုင်ငံသားတွေ အခက်အခဲတွေကို ညှိနှိုင်းကူညီဆောင်ရွက်နိုင်ဖို့ ထိုင်းဘက်က နယ်ခြားကော်မတီ TBC ဖွဲ့ဖို့ စစ်ကောင်စီကို ထိုင်းအာဏာပိုင်တွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
မိုင်းတုံမြို့နယ်နဲ့ ထိုင်းနိုင်ငံ ထိစပ်နေတဲ့ နယ်နမိတ် ၄၆ မိုင် ၅ ဖာလုံ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေ တားဆီးနိုင်ဖို့ ပူးတွဲကင်းလှည့်တာတွေ လုပ်ဆောင်နိုင်ဖို့လို့ သိရပါတယ်။
မိုင်းတုံမြို့နယ်အတွင်းမှာ UWSA “၀”တောင်ပိုင်း စစ်ဒေသ-၁၇၁ အခိုင်အမာ ရှိနေကာ နယ်စပ်တစ်လျှောက် တပ်စခန်းကုန်းတွေ တပ်စွဲထားတာအပြင် RCSS စခန်းကုန်းတွေလဲရှိနေတာဖြစ်ပါတယ်။
“အဓိက ထိုင်းက TBC အစည်းအဝေးတိုင်း နယ်စပ်စည်းတွေအပေါ် တပ်စခန်းဆောက်ထားတဲ့ “ဝ”တပ်စခန်းတွေပြန်ဆုတ်ပေးဖို့တောင်းဆိုနေတာဘဲ။ နောက်ပြီး ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေကိုလဲ “ဝ”က သွင်းတာလို့ ထိုင်းက အမြဲ စွပ်စွဲထားတာ ”လို့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
မိုင်းတုံမှာ မိုင်းတုံ စစ်ဗျူဟာ(အခြေချ) နဲ့ ခလရ-၄၉၊ ခလရ-၂၂၅၊ အမတ-၃၈၆၊ စစန-၇၄၁၊ တကရ-၆၀၀၃၊ ခလရ-၂၇၇၊ ခမရ-၅၁၉၊ နားကောင်းမူးမှာ ခလရ-၆၅ ၊ ပုံပါကျင်မှာ နယ်ခြားစောင့်တပ်တို့ ရှိကြပြီး မိုင်းဆတ် အခြေစိုက် စကခ-၁၄ နဲ့ တြိဂံဒေသတိုင်း ကွပ်ကဲမှုအောက်မှာသာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်ရတာလို့ သိရပါတယ်။
“အဲတာ ကြာပြီ ကျနော်တို့ကလည်း BP1 ဖွင့်ပေးဖို့ ခေတ်အဆက်ဆက် အမြဲ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်၊ ဒါပမယ့် ခုထိတော့ဘာမှ မထူးပါဘူး၊ နယ်စပ်ကုန်သွယ်ရေးအထိတောင် အစီအစဉ်တွေရှိခဲ့တာ၊ နှစ်ဖက်ညှိနှိုင်းမှုမှာ ထိုင်းဘက်က အဆင်ပြေပေမယ့် ဒီဘက်က ခုထိဘာမှ လုပ်ဆောင်နိုင်တာ မရှိပါဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ယခင်က နယ်စပ်ကျောက်တိုင်အမှတ်-၁ BP 1 ဂိတ် ကို နားလည်မှုနဲ့ သွားလာ ကုန်သွယ်ခဲ့ကြရာက ၂၀၀၀ ပြည်နှစ်မှာ မူးယစ်ဆေးဝါး ပြဿနာတွေကြောင့် နယ်စပ်ဂိတ်ပိတ်သွားခဲ့တာဖြစ်ပြီး နာမကျန်းလူနာ ကိစ္စများမှအပ သွားလာခွင့်မရတော့သည်မှာ ခုချိန်ထိ ဖြစ်တယ်လို့ သိရပါတယ်။
မိုင်းတုံမြို့နဲ့ အနီးဆုံးမှာ ချင်းမိုင်ခရိုင်ဖြစ်ပြီး နယ်စပ်မြို့မှာ အလွတ်နိုထိုင်း ခေါ် နောင်အုပ် ဖြစ်ကာ ယင်းနေရာမှာ နယ်စပ်စျေးဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ခုကိစ္စမှာတော့ ထိုင်းစစ်တပ်က မြန်မာစစ်တပ်ကို နယ်စပ်တစ်လျှောက် ပူးတွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းနေတာဖြစ်ပြီး မြန်မာဖက်ကတော့မည်သည့်အကြောင်းမျှ ပြန်ကြားတာ မရှိဘူးလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မှာ မူးယစ်ဆေးဝါး အဖွဲ့တွေကိစ္စက အကြီးမားဆုံးပြဿနာဖြစ်နေပြီး မြန်မာဘက်က မူးယစ်ဆေးသယ် လက်နက်ကိုင်အဖွဲ့တွေကို မကြာခဏ တိုက်ခိုက်ဖမ်းဆီးရမိနေတာတွေရှိနေတာမှ အနီးစပ်ဆုံးမူးယစ်ဆေးဝါးဖမ်းမိခဲ့မှုမှာ ထိုင်း-မြန်မာ နယ်စပ် ချင်းခရိုင်ခရိုင် ၊ မယ်ဖဖာ့လုံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်က စိတ်ကြွဆေးပြား ၆ သန်းနဲ့ ICE ၃၆၅ ကီလိုကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
MK-012








