မဲခေါင်၊ ဩဂုတ် ၁၉
လားရှိုးနဲ့ လွိုင်ကော် တက္ကသိုလ် ဆရာ/ ဆရာမတွေ တောင်ကြီးမြို့ရှိ တက္ကသိုလ်တွေမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေပြီး ကျောင်းသား/ သူတွေကိုလည်း ရွှေ့ပြောင်းသင်ကြားခိုင်းထားတယ်လို့ Non_CDM အရင်းအမြစ်တွေကနေ စုံစမ်း သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ ကရင်နီပြည် လွိုင်ကော်မြို့တို့မှာ ဒီနှစ် ၂၀၂၄ ခုနှစ် အတွင်း တက္ကသိုလ်တွေ မဖွင့်လှစ်နိုင်လို့ တောင်ကြီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့တာလို့ သိရပါတယ်။
လွိုင်ကော်မြို့၊ GTC တက္ကသိုလ်အပါအဝင် မြို့တွင်းရပ်ကွက် တချို့မှာ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဖက်က လုံခြုံရေး တာဝန်မယူနိုင်သေးတာကြောင့် မဖွင့်နိုင်သေးတာလို့ ဆိုပါတယ်။
“ဟာသပဲ။ သူတို့ပဲ တစ်မြို့လုံးထိန်းနိုင်ပြီ ဘာညာ လေကြီးလေကျယ် လျှောက်ပြောပြီးတော့မှ တက္ကသိုလ်တောင် မဖွင့်ရဲဘူး။ ဆရာတွေတောင် ပြန်မခေါ်ရဲသေးဘူး” လို့ လွိုင်ကော်မြို့ CDM ကျောင်းသား တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ရှိ တက္ကသိုလ်တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးကာလကတည်းက ပိတ်ထားပြီး စစ်ပွဲအတွင်း တွေ့ရှိခဲ့တဲ့ Non-CDM ဆရာ/ဆရာမတွေကို တော်လှန်ရေး အင်အားစုတွေက ကယ်ထုတ်ထားတာပါ။
အလားတူ လားရှိုးမြို့မှာလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကတည်းက တက္ကသိုလ် ပိတ်ထားရပြီး ကိုးကန့်တပ် (MNDAA)က ဘယ်လိုစီစဉ် ဆောင်ရွက်ပေးမလဲဆိုတာ မသိရသေးဘူးလို့ လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။
“သေချာတယ် စစ်ကောင်စီက ဖွင့်နိုင်တော့မှာ မဟုတ်ဘူးလေ။ ဆရာတွေတောင် ပြေးနေရတာ။ ကိုးကန့်ဖက်ကတော့ ပညာရေးအစီအစဉ်တွေ လုပ်ပေးမယ်လို့ ပြောတယ်။ ဘယ်လိုတွေ လုပ်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်တဲ့ စာရင်းမှာ လွိုင်ကော်နဲ့ လားရှိုးမြို့က တက္ကသိုလ်တွေ ပါဝင်ခဲ့ပေမယ့် ဒီနှစ် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ မပါဝင်တော့တာကို တွေ့ရပါတယ်။
MK-015








