မဲခေါင် ၊ ဩဂုတ် ၁၄
တာချီလိတ် မြို့အစွန် စပါးစိုက်ပျိုးတဲ့ လယ်မြေတွေကို တရားမဝင် မြေဖို့လုပ်ငန်းလုပ်ကိုင်နေပြီး တာချီလိတ် အခြေချ စစ်ဗျူဟာက G2 ကိုယ်တိုင် ကြီးကြပ်ပြီး လာဘ်ငွေ သန်းနဲ့ချီယူပြီး လုပ်ကိုင်နေတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
တာချီလိတ် စစ်ဗျူဟာ အခြေချက G2 ဗိုလ်မှူး သွန်းသူရထွန်းဟာ မြေသယ်ကား လုပ်ကိုင်သူတွေနဲ့ပူးပေါင်းပြီး တရားမဝင် မြို့ကွက်သစ်ဖေါ်ချင်တဲ့ မြေပိုင်ရှင်တွေဆီက ဘတ်ငွေသန်းနဲ့ ချီယူပြီး လုပ်ကိုင်နေတာပါ။
တရားမဝင် မြေဖို့တဲ့ လုပ်ငန်းကို ခိုင်စိုးဦးဆိုသူဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဌာနဆိုင်ရာအဆင့်ဆင့်နဲ့ စစ်ဗျူဟာကို လဘ်ငွေသန်းနဲ့ချီပေးပြီး လုပ်ကိုင်နေတာဖြစ်တယ်လို့သိရပါတယ်။
လယ်မြေတွေကို မြေဖို့အတွက် စစ်ဗျူဟာက G2 နဲ့ ခိုင်စိုးဦးဆိုတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ မြေဖို့လိုတဲ့ မြေပိုင်ရှင်တွေနားက ဧကအလိုက် ပုတ်ပြတ်ယူပြီး ညဘက်တွေကြမှ ကားအစီးပေါင်းများစွာနဲ့ မြေဖို့နေတာပါ။
ကွက်သစ်ဖေါ်မြေဖို့တာကို ညဘက်မှ ၁၀ ဘီးကား အစီးရေ ၂၀ ကျော်နဲ့ မြေဖို့နေပြီး လက်ရှိမှာ မယ်ယန်းကျေးရွာနဲ့ ဝှေဝုန်းကျေးရွာတွေအနီးက လယ်မြေတွေအပြင် မိုင်းဖုန်းသွားလမ်း လွယ်ယွန်းခမ်းစေတီအနီးက လယ်မြေ ဧက ၆၀ ကျော်ကို မြေဖို့နေတာပါ။
“ဧက ၂၀ ကို ထိုင်းဘတ် ၆ သန်းနဲ့ မြေပိုင်ရှင်နားက ယူပြီး ဖို့နေတာ မြေကိုတော့ တောင်ကိုဖဲ့ပြီးသယ်တာ ညဘက်ဆို ကားတွေအများကြီးဘဲ ဗျူဟာ G 2 ကိုယ်တိုင် ကားတွေကို စောင့်ပေးတယ်လို့ ကြားတယ်။ မြေကားတွေနဲ့ ဖို့တဲ့ လုပ်ငန်းရှင်က “ ခိုင်စိုးဦး“ပါ သူတစ်ယောက်တည်းလုပ်တာ”လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်၊
လယ်မြေတွေအပေါ် တရားမဝင် ကွက်သစ်ဖေါ်လုပ်တဲ့ လုပ်ငန်းကို စစ်ဗျူဟာက လုပ်ကိုင်နေတာဖြစ်ပြီး မြေဖို့ပြီး ၄၀x၆၀ အကွက်တစ်ကွက်ကို ထိုင်းဘတ် ၅ သိန်းကနေ လမ်းနေရာကျရင် ထိုင်းဘတ် ၁၀ သိန်းအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
လယ်မြေတွေကို ကွက်သစ်ဖေါ် မြေဖို့တာတွေမလုပ်ဖို့ ပြည်ထောင်စုအဆင့်က အမိန့်ညွှန်ကြားမှုတွေ ထုတ်ပြန်ထားပေမယ့် တာချီလိတ် ဖန်မင်ကျေးရွာအုပ်စုအတွင်းက လယ်မြေတွေကို တစ်ဧကကို ထိုင်းဘတ်ငွေ ၃ သိန်းကနေ ၅ သိန်းကြား ပေါက်ဈေးနဲ့ လယ်ဧက ရာနဲ့ချီ မြေဖို့နေတာဖြစ်ပါတယ်။
လယ်မြေကို မြေဖို့ကွက်သစ်ဖေါ်တဲ့ နေရာတွေဟာ မြို့စွန်ဘက် လယ်မြေတွေဖြစ်တဲ့ ဝှေလှေလန်ကျေးရွာ၊ မယ်ယန်း၊ မိုင်းကိုးကျေးရွာအုပ်စုတွေမှာ အကြီးအကျယ်လုပ်ကိုင်နေတာဖြစ်ပါတယ်။
ကွက်သစ်ဖေါ်တာမှာ စနစ်တကျ ဌာနဆိုင်ရာ အဆင့်ဆင့်တင်ပြထားတာမဟုတ်ဘဲ လယ်ပိုင်ရှင်တွေထံ ဧကလိုက်ဈေးဖြတ်ကာ မြေဖို့ကာ အဆင့်ဆင့် ပွဲစားတွေက ပြန်ရောင်းစားနေတာ ဖြစ်ပါတယ်။
လယ်မြေဖို့တာကို ဌာနဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ဆင့် လာဘ်ငွေ ဘတ်သန်းချီယူပြီး လွတ်ပေးထားကာ တားဆီးစစ်ဆေးတာတွေလဲ မလုပ်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
MK-002









