မဲခေါင်၊ သြဂုတ်လ ၁၃
ရှမ်းတောင်က ညောင်ရွှေထောင်မှာ ကျနေတဲ့နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ဖုန်းဆက်ပြီး ထောင်ပြောင်းမပါအောင်၊ ထောင်ကလွတ်အောင်လုပ်ပေးမယ်ဆိုကာ ငွေလိမ်လည်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ငွေလိမ်လည်မှုတွေနဲ့ ပါတ်သတ်ပြီး ထောင်ပိုင်ကိုယ်တိုင်က ထောင်ဘူးဝ မှာ ထောင်ဝင်စာလာတဲ့ နိုင်ကျဉ်းမိသားစုတွေကို သတိပေးစကားပြောတယ်လို့ သိရပါတယ်။
“ကျမတို့ ထောင်ဝင်စာသွားရင် ဘူးဝမှာ ထောင်ပိုင်ကိုယ်တိုင် အဲလိုကိစ္စတွေ ရှိတယ် မယုံဖို့ပြောတယ်၊`လို့ ညောင်ရွှေထောင်ကျ နိုင်ကျဉ်း တစ်ဦးရဲ့ မိသားစုဝင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ထောင်ပြောင်းစာရင်းကို ထောင်ကလုပ်ရတာမဟုတ်ဘဲ အထက်က လျှို့ဝှက်လာတာဖြစ်ပြီး တော်တန်ယုံ ဘယ်သူမျှ ပြုပြင်ပြောင်းလဲလို့မရဘူးလို့ ထောင်ပိုင်က ပြောတယ်လို့ သူက ပြောပါတယ်။
ထောင်ကလွတ်အောင်လုပ်ပေးမယ်ဆိုပြီး လိမ်လည်ကာ ငွေ ၁ဝသိန်းအပြင် အသွားအပြန်လေယာဉ် လက်မှတ်ခ အပါအဝင် စရိတ်စုံကုန်ကျခဲ့ရပေမယ့် ဘာမှ ဖြစ်လာတာ မရှိတာတွေလဲ ရှိတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာလည်း အဲလို ငွေလိမ်ခံရသူတွေက ဖော်ပြနေကြပြီး လတ်တလော အများဆုံး ကျပ် ၁၆ သိန်းအထိ လိမ်ခံထိထားတဲ့ နိုင်ကျဉ်းမိသားစု ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ သြဂုတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းခံရပြီးနောက်ပိုင်း ပြည်သူ(၂၇၁၈၄) ဦးဖမ်းဆီးခံရခဲ့ရပြီးနောက် ထိုအထဲက (၂၀၇၄၀ )ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ယင်းအနက်မှ ၉၃၂၃ ဦး ထောင်ဒဏ်ချမှတ်ခံထား ရတယ်လို့ ထုတ်ပြန်ထားပြီး PPNM ရဲ့ပြောကြားချက်အရ နိုင်ငံတဝှမ်းက ထောင်ပေါင်း ၄၆ ခုအနက် ထောင် ၃၈ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေ ကို ချုပ်နှောင်ထားဆဲလို့ သိရပါတယ်။
MK-012








