မဲခေါင်၊ ဩဂုတ် ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ MNDAA ကိုးကန့်တပ်နဲ့ မြို့ခံလုပ်ငန်းရှင်တွေပူးပေါင်းကာ စစ်ဘေးရှောင်ပြည်သူတွေအသုံးပြုနိုင်အောင် အရေးပေါ် ဆက်သွယ်ရေး Starlink အင်တာနက် တပ်ဆင်ထားပေးထားတယ်လို့ မြေပြင်ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက လားရှိုးမြို့ပေါ်မှာ နေရပ်ပြန်စစ်ဘေးရှောင်တွေ များလာပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အတွက် အရေးပေါ် ဆက်သွယ်နိုင်ဖို့ အခုလို တပ်ဆင်ပေးထားတာလို့ သိရပါတယ်။
စစ်ကောင်စီက ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားပေမယ့် လားရှိုးမြို့တွင်း မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ “ဝ” ဆက်ဆံရေးရုံးနဲ့ နေ့လည် ၁၂ နာရီမှ ၂ နာရီအတွင်း အောင်အထူးကုဆေးရုံတို့အပြင် မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအတွင်း မန်ဆူဘုရားကျောင်းရှေ့ စတဲ့နေရာတွေမှာ Starlink အင်တာနက် တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။
“အခြေအနေရ ပိတ်ထားရပေမယ့် ဆက်သွယ်စရာရှိသူတွေ လာရောက်အသုံးပြုကြပါ။ ဖုန်းအားသွင်းကြတဲ့ သူတွေကိုတော့ အားနာနာနဲ့ မရတော့ပါဘူး”လို့ GGI GGI ကုမ္မဏီ ပိုင်ရှင်က ပြောပါတယ်။
ပြည်ထောင်စုလမ်းမကြီးပေါ်က GGI ကုမ္မဏီမှာတော့ ဆိုင်မဖွင့်နိုင်သေးပေမယ့် ဝိုင်ဖိုင်လွှင့်ထားပေးတာကြောင့် အချိန်မရွေး လာရောက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုးကန့်တပ် (MNDAA)တပ်စွဲထားတဲ့ နေရာတွေမှာလည်း Starlink အင်တာနက် လာရောက် အသုံးပြုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့တွင်း နေရာအများစုမှာ အင်တာနက် အသုံးပြုနိုင်ပေမယ့် လက်နက်ကြီးနဲ့ လေကြောင်း အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ လူကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက သတိပေးပါတယ်။
MK-014








