မဲခေါင်၊ သြဂုတ် ၂
ရှမ်းမြောက်၊ လောက်ကိုင်မြို့ဟာ သြဂုတ်လ ၂ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ ၄ ကြိမ်မြောက် လေကြောင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရလို့ လောက်ကိုင်မြို့ဟာ ပျက်စီးဆုံးရှုံးမှုများပြားပြီး မီးလောင်ကျွမ်းမှုတွေ ဖြစ်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီဟာ ယနေ့ မနက်စော ၁ နာရီခန့်မှာ ဂျက်ဖိုက်တာတွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲချခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကတော့ အထူးဒေသ-၁ က ထုတ်ပြန်မယ်လို့ သိရပါတယ်။
ယခု တိုက်ခိုက်မှုဟာ ၄ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကလည်း မနက် ၁ နရာရီကျော် အချိန်ကနေ ၄း၄၅ အချိန်အထိ ၃၁၁ ရင်ပြင်ခေါ်(Jin xiang cheng) နဲ့လူနေရပ်ကွက်တွေကို ဗုံး ၄ လုံးကြဲချခဲ့လို့ ဟိုတယ်နဲ့လူနေအိမ်ခြေအများအပြားပျက်စီးခဲ့ရပြီး လူ ၂ ဦးသေဆုံးခဲ့ရတယ်လို့ MNDAA က သတင်းထုတ်ပြန်ထားတာ သိရှိရပါတယ်။
အလားတူ ဇူလိုင်လ ၁၄ ရက်၊ မနက်အစောပိုင်းမှာပဲမှာ လေကြောင်းက တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးခဲ့ရပြီး ဇူလိုင်လ ၁၃ ရက် ည ၁၂ အချိန်မှာ လောက်ကိုင်မြို့စျေးဟောင်းနေရာကို ဗုံးကြဲခဲ့ရာမှာ အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ၄င်းရဲ့အားသာချက် လေကြောင်းကပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လောက်ကိုင်၊ သိန္နီ စတာတွေကို ညနက်ပိုင်းတွေမှာ ဗုံးကြဲနေတာ ဖြစ်ပါတယ်။
MK-012










