မဲခေါင်၊ ဩဂုတ် ၁
ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်က တံတားအောက်ခြေ ရေတိုက်စားမှုကြောင့် အက်ကြောင်းပေါ်နေတဲ့ တာလေချောင်းကူးတံတား ၇ လကျော်ကြာ ပျက်စီးနေမှုကို ပြုပြင်ခြင်းမရှိတဲ့အတွက် ကုန်သွယ်မှုနှောင့်နှေးကြန့်ကြာနေတယ်လို့ ကုန်ကားမောင်းနှင်သူတွေထံက သိရပါတယ်။
တံတားပျက်စီးနေမှုကို ယာယီမြေဖို့ ပြုပြင်ထားပြီး ၂၁ တန်အထိသာ ကုန်ကားတွေသွားလာခွင့်ပြုထားတဲ့အတွက် ကုန်စည်တွေကို တံတားတစ်ဖက်စီကနေ ကားအသေးတွေနဲ့ အခေါက်အခေါက်အခါခါ သယ်ယူပို့ဆောင်နေရတာဖြစ်ပါတယ်။
“ကားကြီးပေါ်ကနေ ကားသေးပေါ်ကိုတင်ပြီး ချောင်းတစ်ဖက်ခြမ်းကြမှ ကားကြီးပေါ်ပြန်တင်ရတော့ ကုန်တင်/ကုန်ချ အလုပ်သမားခအပြင် ကားငှါးခတွေအတွက် ကုန်ကျစရိတ်တွေများသွားတယ်၊ ဇန်နဝါရီလထဲက ပျက်နေတာ အခုထိ မပြင်သေးဘူး အတော်ကြာပြီ”လို့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့အထွက် ကတ္တားဂိတ်မှာလဲ ကုန်ကို သတ်မှတ်ချက်အတိုင်းတင်ရပြီး တာလေတံတားထိပ်မှာ ထပ်မံ ကုန်ကဲ့နေရတဲ့အတွက် ကုန်ကျစရိတ်ပိုမိုကျသင့်ပြီး ကုန်ဈေးနှုန်းပိုမိုမြှင့်တက်နေတယ်လို့လဲသိရပါတယ်။
ထိုင်းနိုင်ငံကသွင်းကုန်တွေအနေနဲ့ မြဝတီလမ်းကြောင်းပိတ်ထားတဲ့အတွက် တာချီလိတ်မြို့ကိုအများစုဝင်ရောက်လာတဲ့အတွက် ကုန်သွယ်မှုမြင့်တက်လာပေမယ့် လမ်းတံတားပျက်စီးမှုတွေရှိနေတဲ့အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေတာလို့သိရပါတယ်။
MK-012








