မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တပ်စွဲထားတဲ့ တပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး မြို့နေဒေသခံတွေ ပျောက်ဆုံးမှုတွေရှိနေကာ ပျောက်နေသူတွေရဲ့ အသက်ဘေးစိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ကျောက်မဲအခြေစိုက် ခမရ-၅၀၁၊ ၅၀၂ နဲ့ အနီး၊ ရပ်ကွက်-၇ အလယ်ပိုင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲ မှာ လူပျောက်မှုတွေများပြားနေပြီး ပျောက်သူတွေကို သေဆုံးနေလျက် ပြန်တွေ့ရတာဖြစ်လို့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ သိရပါတယ်။
“ကျောက်မဲမှာ လယ်ထဲကျန်ခဲ့တဲ့ ထွန်စက်ကို သူငယ်ချင်း ၂ ယောက်နဲ့သွားယူတာ သူစီးသွားတဲ့ ထော်လာဂျီက လမ်းဘေးမှာ ရပ်ထားတာတွေ့ရပေမယ့် လူတွေကတော့ ယနေ့အထိ ပျောက်နေပါတယ်။ မည်သည့်လက်နက်ကိုင်မဆို ဖမ်းဆီးခေါ်ဆောင်သွားပါက ပြန်လွှတ်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်” လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပြပါတယ်။
အလားတူ ဇူလိုင် ၂၇ ရက်ကလည်း ၈ ရပ်ကွက်၊ ထုံးဖိုဘောလုံးကွင်းနားက အသက် ၃၀ အရွယ် ကိုနိုင်စိုးဆိုသူ အင်ကြင်းတောင်ဘက် ခဏသွားမယ်ဆိုထွက််သွားတာ ပြန်မလာ ဆက်သွယ်မရလို့ မိသားစုဝင်တွေက တွေ့ရင်ပြောကြဖို့ အကူအညီတောင်းထားပါတယ်။
ယင်း ၈ ရပ်ကွက်၊ ထုံးဖို၊ နယ်မြေ ၄ အင်ကြင်းတောင်က ပျောက်သွားတဲ့ ကျော်လင်းအောင်၊ အောင်ငွေဦး၊ ဦးအောင်ဝင်းတို့မှာတော့ မည်သည့် အဖွဲ့က သတ်မှန်းမသိ အသတ်ခံထားရတဲ့ အလောင်းတွေတွေ့လို့ သဂြိုလ်လိုက်ရပြီလို့ သိရပါတယ်။
မြို့ပေါ်မှာ ကျန်ရစ်သူ အများအပြား ပျောက်ဆုံးနေကြပြီး သေဆုံးနေတဲ့ အလောင်းတွေလဲ အခြေအနေပေးလို့ သယ်ခွင့်ရသမျှ သယ်ယူ သဂြိုလ်နေကြတယ်လို့ ကျောက်မဲနမ့်ခုံးရှမ်းများ ပရဟိအသင်းက ပြောပါတယ်။
ယနေ့ မနက် ကျောက်မဲအခြေအနေကတော့ လက်နက်ကြီးပစ်ခတ်သံတွေ တပ်စခန်းဘက်မှာ ကြားရတာရှိပြီး ဖုန်းလိုင်းတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
MK-012










