မဲခေါင်၊ ဇွန် ၂၁
ရှမ်းအရှေ့၊ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်း၊ စကားပြောစက်၊ မူယစ်ဆေးဝါးအချို့နဲ့ တောရိုင်းတိရိစ္ဆာန်တွေဖြစ်တဲ့ ကျား ၊ ခြင်္သေ့၊ ဝက်ဝံ တွေနဲ့အတူ တမြန်နေ့ ဇွန်လ ၁၉ ရက်မှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။
တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာက နေအိမ် တစ်လုံးမှာ တမြန်နေ့ ဇွန်လ ၁၉ ရက် ၊ နေ့လည် ၂ နာရီခွဲအချိန်မှာ အထောက်အထားမဲ့ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ရှောက်ဟူ၊ လောင်ရောင်း၊ လောက်လျှိုးနဲ့ အားဖိတ်တို့ကို MK12 ၁လက်၊ M16 ၁ လက်၊ CZ512 ၁ လက်၊ Glock-19 ၁ လက် နဲ့ Sig Sauer ၁ လက်တို့ကို ကျည်အိမ်နဲ့ကျည်ဆံတွေအပါအဝင် ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးစကားပြောစက် ၈ လုံး၊ ကတ်မင်း ၁၅၀ ဂရမ်ခန့်နဲ့အတူ ကျား ၁ ကောင်၊ ခြင်္သေ့ ၁ ကောင်၊ ဝက်ဝံ ၂ ကောင်တို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ထဲ တရုတ်နိုင်ငံသား အများစုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် ဧရိယာတကြော လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်မှာ ငွေလိမ်ဂိုဏ်တွေ နိုင်နင်းရာက တာချီလိတ်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးကာ နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ဟောင်လိတ်ရဲစခန်းမှာ သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
MK-012







