မဲခေါင်၊ ဇွန် ၁၉
ရှမ်းမြောက်၊ နမ့်ခမ်းမြို့က အများပြည်သူရောင်းချနေတဲ့ အောင်မေတ္တာ အမှတ် ၂ စျေးကို ဒေသခံတွေအား မညှိနှိုင်းဘဲ TNLA က မနေ့ဇွန် ၁၈ ရက်က စပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။
TNLA နဲ့ စျေးဆိုင်ရှင်တွေ တွေ့ဆုံခဲ့ပေမယ့် လျော်ကြေးပေးဖို့မပါဝင်ဘဲ စျေးကိုအသစ်ပြန်ဆောက်ပြီးရင် ဈေးသည်တွေအနေနဲ့ ပြန်ဝယ်ရမယ်ဆိုတာဘဲပြောပြီး စျေးကိုဖျက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“ဟိုတုန်းက တရုတ်ကိုဆောက်ခိုင်းမှာကို ပြည်သူတွေကန့်ကွက်လို့မဆောက်ဖြစ်ဘူး၊ ခုကျတော့ ငါတို့အုပ်ချုပ်တာပဲဆိုပြီး ပြည်သူကိုဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်လာတာလေ၊ အခုက ပြည်သူဘက်က ဘယ်သူမှ ရှိမနေဘူး၊ ဘာလက်နက်ကိုင်တပ်ဖွဲ့ကမှ ကာကွယ်မပေးနိုင်ဘူး၊ ငွေကောက် လူတောင်းဘဲ လုပ်နေကြတာ၊ အခု လာအုပ်ချုပ်တဲ့သူက သူတို့လုပ်ချင်တာလုပ်လာတာ ပြည်သူက ဘာမှပြောခွင့်မရှိဘူး”လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။`
လက်ရှိစျေးဆိုင်ခန်းတွေကို လျော်ကြေးမပေးဘဲ ဖျက်သိမ်းနေတာဖြစ်ပြီး စျေးသစ်ဆောက်ပြီးပါက စျေးဆိုင်ခန်းတွေကို ၁ နှစ်မှာ ယွန်ငွေသိန်းချီတဲ့ဈေးနဲ့ ပြန်လည်ငှားရမ်းသွားမှဖြစ်သလို ကိုးကန့်၊ ပန်ဆိုင်းနဲ့ တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြုပ်နှံနေကြတယ်လို့ သိရပါတယ်။
ဖျက်သိမ်းလိုက်တဲ့ အောင်မေတ္တာစျေးကို TNLA က တရုတ်ကုမ္ပဏီတွေကို ကန်ထရိုက်စနစ်နဲ့အပ်ပြီး ခေတ်မီ ၂ ထပ်ကုန်တိုက်အဖြစ် ပြန်လည်တည်ဆောက်သွားမှာဖြစ်ကာ တရုတ်ယွမ်ငွေ သိန်း ၁၅၀ ကုန်ကျမယ်လို့ ပြောကြပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့အပါအဝင် မြို့ ၇ မြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူရရှိခဲ့ပြီးနောက် အုပ်ချုပ်ရေးကိုလည်း TNLA တပ်ဖွဲ့ သဘောထားအတိုင်း လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူထံ မဲခေါင်သတင်းဌာနက နမ့်ခမ်းမြို့မှာ အသစ်တည်ဆောက်မယ့် တရုတ်စျေးသစ်ကိစ္စနဲ့ ပတ်သက်လို့ သိရှိနိုင်ရန် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
MK-012











