မဲခေါင်၊ ဇွန် ၁၂
ရှမ်းမြောက်၊ လားရှိုးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူငယ် ၁ ဦးကို ပြန်ပေးဆွဲခဲ့တဲ့ လူ ၄ ဦးကို ဇွန် ၁၀ ရက်နေ့ ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဇွန်လ ၆ ရက်နေ့ နေ့လည်ပိုင်းက လားရှိုးပေါ်က နေအိမ် ၁ အိမ်ကို အမျိုးသား ၄ ဦးရောက်လာပြီး အသက် ၂၇ နှစ်အရွယ် လူငယ် ၁ ဦးကို ပြန်ပေးဆွဲသွားပြီးနောက် ပြန်ပေးငွေတောင်းခံခဲ့လို့ စစ်ကောင်စီလက်အောက်ခံတွေက ရပ်ကွက် ၇ က နေအိမ်တစ်ခုကို ဝင်ရှင်းရာမှာ ကျူးလွန်သူတွေနဲ့အတူ လက်နက်ခဲယမ်းတွေ ဖမ်းမိတာလို့ သိရပါတယ်။
“ရပ်ကွက် ၅ ဘက်မှာ ကြားလိုက်တယ်၊ ဒီမှာက ဒီလိုအမှုတွေ သိပ်မပြောရဲဘူး၊ လက်နက်ကိုင်အဖွဲ့တွေဖြစ်ရင် ပိုမပြောရဲဘူး၊ ဖမ်းသွားတဲ့သူကို သတ်ပစ်မှာစိုးလို့လေ၊ ငွေပေးပြီး ရွေးကြတာများတယ်”လို့ ရပ်ကွက် ၁ နေ ဒေသခံ ၁ ဦးက ပြောပါတယ်။
ကျူးလွန်သူ အမျိုးသား ၄ ဦးနဲ့အတူ လက်နက် ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၈ တောင့်၊ လွယ်ကြိုး ၂ ချောင်းနဲ့ လိုင်စင်မဲ့ ယာဉ် ၂ စီး တို့ကို ဖမ်းမိတယ်လို့ သိရပြီးကျူးလွန်သူတွေဟာ MNDAA က လို့ ရဲသတင်းမှာ ဖော်ပြထားချက်အရသိရပေမယ့် မဲခေါင်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုလို့ မရခဲ့ပါဘူး။
လက်ရှိ လားရှိးမြို့ဝန်းကျင်မှာ MNDAA ၊ SSPP လက်နက်ကိုင်အဖွဲ့တွေ အင်အားအများအပြား လှုပ်ရှားနေသလို စစ်ကောင်စီတပ်တွေက ဒရုန်း ၄၀၀ နဲ့ အင်အား ၁၅၀၀ ခန့်ကို လေကြောင်းနဲ့ တန့်ယန်းက ကားတွေနဲ့ပို့ဆောင် အင်အားဖြည့်ထားကြောင်း သိရပါတယ်။
MK-012







