မဲခေါင် ဇွန် ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ဇွန်လ ပထမပတ်ကစပြီး စစ်ကောင်စီဘက်က ထောက်ပံ့ကြေး ပေးအပ်နေတယ်လို့ နေရပ်ပြန် စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ပွဲအတွင်း ပျက်စီးခဲ့တဲ့ နေအိမ် ၆၇၃ လုံးအတွက် ထောက်ပံ့ကြေးကို စစ်တပ်၊ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေကသာ ရရှိခဲ့ပြီး နေအိမ်ပျက်စီးသွားသူ အယောက်စေ့ရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက “သူတို့ပေးတာ လူတိုင်းမရပါဘူး။ ဖောင်လည်း အဆင့်ဆင့်တင်ရတယ်။ အချက်အလက်က ဘယ်လောက်ပဲ ကိုက်ညီပါစေ၊ သူတို့နဲ့သိတဲ့ သူတွေ ပြန်ရွေးသွားတာ။ အစိုးရဝန်ထမ်း မိသားစုဝင်တွေဆိုရင် ရကိုရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက ဇွန်လ ၇ ရက်နေ့ကစလို့ ပေးအပ်နေတာဖြစ်ပြီး မီးလောင်ပြာကျ ပျက်စီးသွားတဲ့ နေအိမ်တွေကို ၁၀ သိန်းကျပ်၊ မီးတစ်ဝက်တစ်ပျက် လောင်တဲ့အိမ်တွေကို ၇ သိန်းကျပ်၊ အနည်းငယ်ပျက်စီးတဲ့အိမ်တွေကို ၂ သိန်းကျပ် အသီးသီးသတ်မှတ်ပြီး ပေးအပ်နေတာလို့ သိရပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်တဲ့ ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်အပြင် လေကြောင်းပစ်ခတ်မှုတွေကြောင့် နေအိမ်တွေပျက်စီးခဲ့တာဖြစ်ပြီး တချို့နေအိမ်တွေက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးရတာလို့ ဆိုပါတယ်။
ထောက်ပံ့ကြေးမရရှိသေးသူတစ်ဦးက “တကယ်လို့ ထောက်ပံ့ကြေးရခဲ့ရင်တောင်မှ ၁၀ သိန်းဆိုတဲ့ ပမာဏက ဘယ်လိုမှ အထောက်အကူမဖြစ်ဘူး။ ကျမတို့ဆိုရင် ၃ ထပ်အိမ်လေ။ ဒီခေတ်ပေါက်စျေးနဲ့ဆိုရင် ဘယ်လောက်မှ မရဘူး။ ပြီးတော့ ဒါတွေက သူတို့ပစ်တာ၊ သူတို့ဖျက်ဆီးတာလေ။ သူတို့ တာဝန်ယူရမှာပဲ” လို့ ပြောပါတယ်။
ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း ပျက်စီးခဲ့ရတဲ့ နေအိမ်တွေအတွက် စစ်ကောင်စီလက်အောက်ခံ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပထမအကြိမ် သိန်း ၄၆၀၊ ဒုတိယအကြိမ် သိန်း ၃၉၆၁၊ စုစုပေါင်း သိန်း ၄၅၀၀ နီးပါး ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်ဆုံးရှုံးသွားတဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် စစ်ကောင်စီရဲ့ ထောက်ပံ့ငွေတွေထဲက တစ်ဝက်ခန့်သာ ပြန်လည်ထောက်ပံ့ရေးအတွက် ရောက်ရှိနိုင်တယ်လို့ နေရပ်ပြန်စစ်ဘေးရှောင်တွေက ခန့်မှန်းပြောဆိုတာတွေလဲ ရှိနေပါတယ်။
ထောက်ပံ့ငွေအများစုဟာ စစ်ကောင်စီရဲ့ ဟန်ပြလုပ်ဆောင်မှု ဖြစ်တဲ့အတွက် ထောက်ပံ့ငွေအချို့ကိုလည်း ဌာနဆိုင်ရာ လူကြီးပိုင်းတွေကနေ အောက်ခြေဝန်ထမ်းတွေအထိ အဆင့်ဆင့်လာဘ်စားမှုတွေ ရှိနေတယ်လို့ Non CDM သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
MK014








