မဲခေါင် မေ ၂၄
တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။
မနေ့ မေ ၂၃ ရက်နေ့က ပုန်းထွန် ငွေတောင်ဦးကျောင်းလမ်းထဲ ကားမီးခွက်ဖြုတ်ခိုးနေတာတွေ့လို့ အနီးရှိလူတွေက ဖမ်းဆီးပြီး ရဲလက်အပ်လိုက်တယ်လို့ သိရပါတယ်။
ကားမီးခွက်ဖြုတ်ခိုးနေတဲ့သူခိုးကိုဖမ်းဆီးခဲ့သူတစ်ဦးက “မနေ့တစ်ညလုံး အဲ့ဒိုင်နာကားပေါ်မှာအိပ်ပြီး ဘေးနားက ကားမီးခွက်တွေလည်းလိုက်ဖြုတ်နေတယ်။ သူ့မေးကြည့်တော့ သူ့ကားဘထ္ထရီဒေါင်းသွားတာလို့ ပြောပါတယ်။ ထမင်းတွေလိုက်တောင်းစားပြီး ဒိုင်နာပေါ်ပြန်ထိုင်လိုက်၊ လျှောက်သွားလိုက်နဲ့ဖြစ်နေတာ ကားပိုင်ရှင်အစစ်မဖြစ်လောက်ဘူးနဲ့တူတယ် ပုံစံကဆေးကြောင်တဲ့ပုံစံပါ”လို့ လူမှုကွန်ယက်မှာ တင်ထားပါတယ်။
တာချီလိတ်မြို့က မော်တော်ကားအများစုကို လမ်းဘေးမှာ အိမ်ရှေ့မှာထိုးထားတတ်ကြတာဖြစ်ပြီး အရင်က ကားပစ္စည်း ဖြုတ်ခိုးတာတွေမရှိပေမယ့် အခုနောက်ပိုင်း ဆမ်လော့ ဘထ္ထရီဖြုတ်တာ၊ ကားမီးသီးမီးခွက်၊ ဘက်မှန်နဲ့ အပိုပစ္စည်းဖြုတ်လာတာတွေရှိနေတာပါ။
နယ်စပ်လာရောက်အလုပ်လုပ်ကိုင်နေသူတွေဟာ တာချီလိတ်မြို့ပေါ် အလုပ်အကိုင်ရှားပါးလာတာနဲ့ပါတ်သတ်ပြီး အလုပ်အကိုင်မရှိသဖြင့် နေရပ်မပြန်နိုင်ဘဲ အိမ်ခြေယာမဲ့အဖြစ် လမ်းဘေးအိပ် တောင်းရမ်းစားသောက်ကာ မူးယစ်ဆေးသုံးစွဲနေသူတွေဖြစ်သွားကြပြီး ခိုး၊ ဆိုး၊ နှိုက်၊ လုယက်မှုတွေကျူးလွန်လာကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က တာချီလိတ်မြို့ဟာ လူဦးရေ ၃ သိန်းကျော်ခန့်သာရှိပေမယ့် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်ပွဲတွေကြောင့် နယ်စပ်ရောက်ရှိလာတဲ့ လူဦးရေဟာ အရင်ထက် ၃ ဆနီးပါးတိုးပွားလာပြီး ကိုဗစ်ပြီးကာလနောက်ပိုင်း လယ်ယာမြေတွေပေါ်မှာ နေအိမ် ရပ်ကွက်သစ်တွေတိုးချဲ့လာပြီး ရွေ့ပြောင်း အခြေချလာသူတွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။
MK-002








