မဲခေါင်၊ ဒီဇင်ဘာ ၆
လောက်ကိုင်မြို့ကို အပေါ်စီးမှ မြင်ရပြီး စစ်ရေးအရ ဗျူဟာကျတဲ့ တာရင်တောင်ကို MNDAA က ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်စခန်း ၄ ခုသာ ကျန်တော့တယ်လို့ သိရပါတယ်။
ဒီနေ့သိမ်းပိုက်လိုက်တဲ့ တာရင်တောင်ပေါ်မှ စစ်ကောင်စီစခန်းဟာ လောက်ကိုင်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ အဖြောင့်တိုင်းလျှင် ၂ မိုင်သာဝေးပါတယ်။ အဲ့ဒီတောင်ပေါ်မှာ ဘုရားတည်ထားတဲ့အတွက် လေးမျက်နှာစေတီကုန်းလို့လည်း ခေါ်ကြပါတယ်။
၄ ရက်ကြာ လက်နက်ကြီးတွေရော၊ ထိုးစစ်တွေနဲ့ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတဲ့ တာရင်တောင်စခန်းသိမ်းပွဲမှာ စစ်ကောင်စီဘက်က ၁၁ ယောက်လက်နက်ချအညံ့ခံခဲ့ပါတယ်။ လက်နက်ချတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး ဒီအချက်ဟာ စစ်ကောင်စီ အင်အားချို့ယွင်းလာတာကို ပြနေတာလို့ MNDAA က ခန့်မှန်းပါတယ်။
စစ်ကောင်စီရဲ့ စခန်း ၄ ခုနဲ့တည်ဆောက်ထားတဲ့ တာရင်တောင်စခန်းသိမ်းပြီးနောက်မှာ လောက်ကိုင်မြို့တောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ High Point နေရာမရှိတော့ဘူးလို့ ဆိုပါတယ်။
ကိုးကန့်ဒေသတွင်း ကျန်ရှိတဲ့ စစ်ကောင်စီစခန်းတွေက မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန် စခန်းတွေသာ ကျန်ပါတယ်။ MNDAA က ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး အောင်မြင်တော့မယ်လို့လည်း ကြွေးကြော်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်ဒေသတစ်ခုတည်းမှာ စစ်ကောင်စီစခန်း ၂၀၀ ကျော်သိမ်းမိထားပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းမြို့ ၅ မြို့ကို သိမ်းပိုက်ထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ် ၄ ခုကိုလည်း သိမ်းပိုက်ထားပါသေးတယ်။
#MeKongNews
#တာရင်တောင်
#စစ်ကောင်စီ
#လေးမျက်နှာ
#စေတီကုန်း
#ကိုးကန့်











