စစ်အာဏာသိမ်းပြီးနောက် မြေသြဇာနဲ့ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး အသုံးပြု သွင်းအားစု ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်သူတွေ အနေနဲ့ စိုက်ပျိုးနိုင်မှု နည်းပါးကာ စိုက်ခင်းလက်မဲ့ ဖြစ်နေသူ များပြားကြောင်း သိရပါတယ်။
စစ်အာဏာ မသိမ်းမီက တစ်အိပ် ကျပ် ၃ သောင်းမှ ၅ သောင်းကြားသာ ရှိတဲ့ မြေသြဇာ ဈေးနှုန်းတွေဟာ လက်ရှိ ကျပ် တစ်သိန်းခြောက်သောင်းမှ ၂ သိန်းအထိ ရှိနေပြီး အခြား သွင်းအားစုတွေ ဖြစ်တဲ့ ပိုးသတ်ဆေး၊ ဒီဇယ်ဆီ စတာတွေလည်း ဈေး ၃ ဆခန့် မြင့်တက်ခဲ့လို့ စိုက်ပျိုးတဲ့ တောင်သူ နည်းပါးကာ ကုန်စိမ်း ဈေးကွက် အတွင်း ကုန်အဝင် နည်းလာတယ်လို့ သိရပါတယ်။
“ ရှမ်းပြည်မှာက ဓာတ်မြေသြဇာ အရောင်းအဝယ် တော်တော်အေးတယ်၊ ဈေးကြီးလို့ တောင်သူတွေ စိုက်တဲ့သူ နည်းတယ်။ သီးနှံပေါ်ချိန် ဈေးကောင်းမရတော့ မကိုက်ဘူး၊ စိုက်ပျိုးသူ နည်းတာလည်း ပါတယ်၊ မုန့်လာဆို စိုက်တဲ့သူတောင် မရှိဘူး။ နောက်ပြီး စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေ ဈေးမြင့်သွားတော့ စိုက်သူ နည်းသွားတာလည်းပါတယ်” လို့ အောင်ပန်းမြို့မှာ စိုက်ပျိုးရေး ပစ္စည်းစုံ ရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
စစ်အာဏာ မသိမ်းမီ ကိုဗစ် ကာလအတွင်းက ရှမ်းတောင်ထွက် ကုန်စိမ်းတွေ ရောင်းချလို့ မရဘဲ အခမဲ့ ပေးဝေခဲ့ရတဲ့ နည်းတူ စစ်အောဏာသိမ်းပြီးနောက် ပထမ စိုက်ပျိုးရာသီမှာ ဈေးနှုန်းကြီးမြင့်တဲ့ သွင်းအားစုတွေနဲ့ စိုက်ပျိုးခဲ့ရပေမယ့် ထွက်ကုန်တွေ ဈေးမရပဲ အခမဲ့နီးပါး ဈေးနဲ့ ရောင်းချခဲ့ရလို့ တောင်သူတွေ အထိနာခဲ့ရာ လက်ရှိ စိုက်ပျိုးရာသီမှာ အရင်းအနှီး မရှိတော့လို့ မစိုက်နိုင်သူ အများအပြားရှိကြောင်း ဟဲဟိုးဒေသက တောင်သူတွေထံက သိရပါတယ်။
လက်ရှိ ပြည်တွင်း မြေသြဇာ ကုမ္ပဏီများ အနေနဲ့ ကုန်ကြမ်း တင်သွင်းဖို့ အခက်အခဲများ ကြုံတွေ့နေရတဲ့ နည်းတူ ဒေါ်လာဈေး မငြိမ်သက်မှုကြောင့် အရောင်းရပ်ထားလို့ ဈေးကွက်အတွင်း ဓာတ်မြေသြဇာ အဝင်နည်း ပါးကာ ဈေးနှုန်း မြင့်တက်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
“ ရှမ်းပြည်ကုန်က အဝင်နည်းတယ်၊ စိုက်တဲ့သူ နည်းလို့ ကုန်ဝင်နည်းတာပါ၊ ရှမ်းပြည်က တနေ့ကို ကားအစီးရေ ၂၀ လောက်ပဲ ဝင်တယ်၊ ဂေါ်ဖီဆို ၂ ထောင်ကျော်လောက် ဈေးပေါက်နေပြီ၊ ကုန်အဝင်နည်းတော့ ဈေးတက်တာပေါ့” လို့ ရန်ကုန်မြို့ သီရိမင်္ဂလာ ကုန်စိမ်းဈေးက ရှမ်းကုန် လက်ကားဒိုင် ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်းတောင်က ဓါတ်မြေဩဇာ ဈေးနှုန်းတွေ ကတော့ အာမို ကျွဲနက် ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၆၈,၀၀၀ ကျပ်၊ MC ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၄၅,၀၀၀ ကျပ်၊ ဇာမဏီ ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၈၀,၀၀၀ ကျပ်၊ အာမို၊ ပုလဲ ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၂၅,၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။