မဲခေါင်၊ ဇူလိုင် ၃
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အနီးက လယ်ယာမြေတွေကို ပွဲစားတွေ ကြားခံပြီး ဈေးကြီးကြီးနဲ့ အိမ်ကွက်ရိုက် ရောင်းနေပေမဲ့ ပြဿနာ ဖြစ်လာပါက တာဝန်မယူလို့ ဝယ်ယူသူတွေ နစ်နာ ဆုံးရှုံး နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မိုင်းဆတ်မြို့ အနီးက လယ်ယာမြေတွေကို ပိုင်ရှင်တွေက ပွဲစားတွေ ကြားခံထား ရောင်းချနေတာဖြစ်ပြီး တခြားနည်း အသုံးပြုခွင့် မကျသေးပေမဲ့ စာတင်ထားတယ်ဆိုပြီး လိမ်လည် ရောင်းနေတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“မိုင်းဆတ်မှာပဲ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်ထဲမှာ လုပ်စားနေတာ များနေပြီ။ ကျွန်မကတော့ မိုင်းဆတ်နဲ့ နီးတော့ ဒီအကြောင်းပဲ ပြောမယ်။ အဲ့မြေတွေက လယ်ယာမြေလေ။ အဲ့တော့ တခြားနည်း အသုံးပြုခွင့်ဘာညာ လျှောက်တယ်။ ခွင့်ပြုချက်ကျမကျ အရေးမကြီးဘူး။ တကယ်လည်း မကျတာ များပါတယ်။ ဒါကို အိမ်ဝယ်မဲ့ သူတွေကို ဈေးကြီးကြီးနဲ့ရောင်း။ ဝယ်ပြီးတဲ့သူတွေက အိမ်လေးဘာလေး ဆောက်ပြီးရင် ဌာနက လာဖျက်ခိုင်းပြီလေ။ လယ်ယာမြေကိုး” လို့ မိုင်းဆတ် ဒေသခံ တစ်ဦးက ပြောပါတယ်။
မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ မြေစာရင်းဦးစီးဌာနက မြေကွက်ရိုက် ရောင်ချတာတွေကို သိပေမဲ့ ခွင့်ပြုထားပြီး ဝယ်သူလက်ထဲ ရောက်ပြီးမှသာ အိမ်ဆောက်ခွင့် မရှိဘူးလို့ သတိပေးတာက ထုံးစံလို ဖြစ်နေတာကြောင့် ပွဲစားတွေနဲ့ ဌာနဆိုင်ရာ ပေါင်းစားနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ပြဿနာတွေ ဖြစ်လာလို့ ရောင်းချခဲ့တဲ့ ပွဲစားတွေကို ဆက်သွယ်ရာမှာ အကြောင်းအမျိုးမျိူးပြပြီး လာရောက် မဖြေရှင်းပေးတာကြောင့် ဝယ်ယူသူတွေ ဆုံးရှုံးနစ်နာ နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ် အတွင်း မြို့နယ် အများစုမှာ အခုလို ဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာက ထိထိရောက်ရောက် ကိုင်တွယ်မှု မရှိတာကြောင့် မြေလိမ်လည် ရောင်းချတဲ့ ပွဲစားတွေ ပိုမိုများပြားလာတယ်လို့ သူကပြောပါတယ်။
Mk-007
#MekongNews
#မိုင်းဆတ်မြို့
#လယ်ယာမြေ
#ပွဲစား