မဲခေါင်၊ မေ ၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မန်တုံနဲ့ မိုးမိတ်မြို့နယ်ထဲက ရေးပုံး၊ တုံကြီး၊ မန်ယွန်း၊ လွယ်မောက်ကျေးရွာ အနီး စိုက်ထူထားတဲ့ သစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေကို အခုနှစ် ဧပြီလကုန်ပိုင်းကစတင် ဖျက်ဆီးခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ ဒေသတွေဟာ ကချင်တပ်မတော် KIO/ KIA ရဲ့ ခရိုင်အုပ်ချုပ်ရေးနဲ့ KIA တပ်ရင်း (၃၄) လှုပ်ရှား ဒေသ ဖြစ်လို့ ဆိုင်းဘုတ်တွေကို KIA တပ်သားတွေက ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက တိုင်တန်းကြောင်း TNLA က ဆိုပါတယ်။
“သူတို့ရဲ့ ရည်ရွယ်ချက်ကိုတော့ မသိပါဘူး။ ကျွန်တော်တို့ သွားကြည့်တဲ့အခါမှာ ဆိုင်းဘုတ်တွေ တော်တော်များများက ဖျက်ဆီး ခံလိုက်ရတယ်။ မိုးမိတ်ဘက်၊ မန်တုံဘက်ခြမ်းမှာ။ ဆိုင်းဘုတ်တွေပဲ ဖျက်ဆီးတာပါ။ တခြား ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်တာမျိုးတော့ မတွေ့ရသေးဘူး။ ဒါကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာတော့ အထက်က မပြောထားသေးပါဘူး” လို့ PSLF/ TNLA ပြန်ကြားရေးဌာန တာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို KIA/ KIO ကို မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
TNLA ကတော့ ဒေသခံတွေ ကြုံတွေ့နေရတဲ့ သောက်သုံးရေ အခက်အခဲတွေကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့နဲ့ ရှားပါးတိရစ္ဆာန်တွေ၊ သဘာဝ သယံဇာတတွေကို ထိန်းသိမ်းဖို့ အတွက် သဘာဝ ကြိုးဝိုင်း သစ်တော ဧရိယာတွေ သတ်မှတ် ထိန်းသိမ်းနေတယ်လို့ ဆိုပါတယ်။
PSLF/ TNLA ရဲ့ မြေယာနဲ့ သစ်တောဌာနက တအာင်းပြည်နယ်အတွင်း သဘာဝ သစ်တောတွေ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် ရည်ရွယ်ချက် ၅ ခုနဲ့ လုပ်နေပြီး တအာင်းပြည်နယ်တွင်းက သစ်ခိုးဂိုဏ်းတွေကို ထိထိရောက်ရောက် အရေးယူနေတယ်လို့လည်း သိရပါတယ်။
MK-009
#MeKongNews
#တအာင်းပြည်နယ်
#PSLF/TNLA
#KIA
